Border News Agency
စစ်တွေ၊ သြဂုတ် ၅။
စစ်တွေနဲ့ ရသေ့တောင်အစပ်ရှိ နံ့သာကျွန်းအနီး ငါးဖမ်းနေတဲ့ဒေသခံငါးဖမ်းသမားဆယ့်တဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လှမ်းပစ်တာကြောင့် ငါးဖမ်းသမားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီရသေ့တောင်မြို့နယ်၊ မကျည်းချောင်းရွာမှာစစ်ဘေးရှောင်နေတဲ့ စစ်တွေမြို့နယ်၊ အောင်တိုင်ရွာသား အသက်လေးဆယ်ခုနှစ်နှစ်အရွယ် ဦးညွှန့်ချေသေသွားတာပါ။
အဲဒီရသေ့တောင်မြို့နယ်၊ မကျည်းချောင်းရွာမှာ စစ်ဘေးရှောင်နေသူတွေအပါအဝင်ဆယ့်တဦးဟာ နံ့သာကျွန်းချောင်းဝအနီး ထမင်းစားနေစဉ် သြဂုတ်လ ၃ ရက်နေ့က အာဏာသိမ်းစစ်တပ်လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အသက်ငါးဆယ်ငါးနှစ်အရွယ် ဦးအပူးချေနဲ့ အသက်သုံးဆယ်သုံးနှစ်အရွယ် ဦးမောင်မောင်ထွန်းတို့မှာ ကျည်ထိမှန် ဒဏ်ရာတွေရရှိသွားပြီး ဦးညွှန့်ချေမှာတော့ အခင်းဖြစ်နေရာမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်အာဏာသိမ်းစစ်တပ်က ဒေသခံတွေရဲ့ စက်တပ်ပိုက်လောင်းသုံးစီးကိုလည်းသိမ်းဆည်းသွားပြီး နှစ်ဦးကို ဆေးကုသမှုပေးနေပါတယ်။






