Border News Agency
ထိုင်း၊ သြဂုတ် ၅။
မြန်မာနိုင်ငံနဲ့ လက်တွေ့အခြေအနေအတိုင်း ချိန်ညှိထားတဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က အာဆီယံအတွင်းရေးမှူးချုပ်ကော်ကင်ဟွန်နဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ဆုံအပြီး ဩဂုတ်လ ၄ ရက်နေ့မှာပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ လက်တွေ့အခြေအနေတွေကိုတုံ့ပြန်ပြီး ထိရောက်တဲ့တိုးတက်မှုတွေဖြစ်လာအောင် ဆွေးနွေးပွဲတွေကို ပွင့်လင်းစွာ ထိန်းသိမ်းထားနိုင်မယ့် ပြန်လည်ထိတွေ့ဆက်ဆံမှုပုံစံကိုထောက်ခံတယ်လို့ ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။
အဲဒီအပြင်အာဏာသိမ်းစစ်တပ်နဲ့ ပဋိပက္ခတွေကိုထိန်းသိမ်းဖို့အတွက် အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးချက်ဟာ လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ရှိနေဦးမယ်လို့လည်း ပြောဆိုထားပါတယ်။
အာဆီယံရဲ့ ပြည်တွင်းရေး ကြားဝင်မစွက်ဖက်ရေးမူဝါဒကိုကိုင်စွဲထားပေမယ့် အဖွဲ့အစည်းရဲ့ ညီညွတ်မှုအတွက် ပြောင်းလွယ်ပြင်လွယ်ရှိပြီး လက်တွေ့ကျကျကျင့်သုံးရမယ်လို့လည်း ထောက်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ခဲ့တာကိုထောက်ပြပြီး လက်ရှိချဉ်းကပ်မှုဟာ လမ်းကြောင်းမှန်သို့ ဦးတည်နေပြီဖြစ်တယ်လို့လည်းဆိုပါတယ်။










