Border News Agency
နီပေါ၊စက်တင်ဘာ ၈။
နီပေါနဲ့တိဘက်နယ်စပ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဆိုးရွားလှတဲ့ဟိမဝန္တာရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့ရသူလူပေါင်းတထောင်သုံးရာကျော်အတွက် နီပေါနိုင်ငံမှာ စက်တင်ဘာလ ၇ ရက်နေ့ကို နိုင်ငံတော်ဝမ်းနည်းတဲ့နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အလံတွေကို တဝက်လျှော့ချလွှင့်ထူခဲ့ကြပါတယ်။
ဟိမဝန္တာတောင်တန်းဒေသမြေပြိုမှုနဲ့ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူပေါင်းတထောင့်သုံးရာရှစ်ဆယ်ဦးသေဆုံးခဲ့ပြီး လူပေါင်းငါးထောင်ငါးရာကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ နီပေါပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဟိန္ဒူဘာသာရေးဓလေ့ထုံးတမ်းအရ ၁၃ ရက်မြောက်နေ့မှာပြုလုပ်တဲ့ အထိမ်းအမှတ်နေ့ဖြစ်ပေမယ့် ပျောက်ဆုံးနေသူတွေကိုရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရတာကြောင့် အစိုးရအနေနဲ့သီးသန့် အခမ်းအနားကြီးတွေကျင်းပတာမရှိသေးပါဘူး။
တဖက်မှာလည်း အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး ရေအားလျှပ်စစ်စီမံကိန်းလိုဏ်ဂူတွေအတွင်း ပိတ်မိနေသူသုံးဦးနဲ့ မြေပြိုမှုကြောင့်ပျက်စီးသွားတဲ့ နေအိမ်အတွင်းပိတ်မိနေသူ နီပေါအမျိုးသမီးတဦးတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့မှ အထူးကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီပေးနေပေမယ့် ရေအားလျှပ်စစ်စီမံကိန်း တဆယ့်နှစ်ခုက ပျောက်ဆုံးနေတဲ့အလုပ်သမားကိုးရာခန့်ကို ရှာဖွေရေးနှောင့်နှေးနေမှုအပေါ် ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေက ကာထမန္ဒူမြို့ရှိ ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။






