Border News Agency
ဘင်္ဂလားဒေ့ရှ်၊ စက်တင်ဘာ ၈။
ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာအထူးသံတမန်လည်းဖြစ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာယိုဟေးဆာဆာကာဝါဟာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း နိုင်ငံခြားရေးဒုဝန်ကြီးဟူမိုင်ယွန်ကိုဘီယာနဲ့ ဝန်ကြီးချုပ်တာရစ်ခ်ရာမန်တို့ကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲတွေမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ရခိုင်ပြည်သို့ဘေးကင်းလုံခြုံစွာနဲ့ မိမိတို့ရဲ့ဆန္ဒအတိုင်း ဂုဏ်သိက္ခာရှိစွာပြန်လည်နေထိုင်နိုင်ရေး ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ခ်ရာမန်က ရိုဟင်ဂျာဒုက္ခသည်တွေကို ကြာရှည်စွာလက်ခံထားရတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတွေပေါ်မှာ ဖိအားများစွာကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် ရိုဟင်ဂျာတွေနေရပ်ပြန်ရေးပိုမိုမြန်ဆန်လာစေဖို့ ဂျပန်နိုင်ငံရဲ့ဆက်လက်ကူညီမှုကို တိုက်တွန်းခဲ့ပါတယ်။
ဒေါက်တာဆာဆာကာဝါကလည်း မြန်မာအစိုးရနဲ့ရိုဟင်ဂျာအရေးဆွေးနွေးထားပြီး အစိုးရဘက်ကပြဿနာကို ဖြေရှင်းလိုတဲ့စေတနာရှိပေမယ့် ရခိုင်ပြည်ရဲ့ ရှုပ်ထွေးတဲ့မြေပြင်အခြေအနေတွေကြောင့် နေရပ်ပြန်ရေးတိုးတက်မှုဟာ အချိန်ယူရနိုင်တယ်လို့အသိပေးခဲ့ပါတယ်။
အဲဒီအပြင် နိပွန်ဖောင်ဒေးရှင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြားနှစ်ပေါင်းငါးဆယ်ကျော်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ရိုဟင်ဂျာအရေးအပါအဝင် ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ဆက်လက်ကူညီသွားမယ်လို့လည်းပြောခဲ့ပါတယ်။






