Border News Agency
ဘူးသီးတောင်၊စက်တင်ဘာ ၁၃။
ရသေ့တောင်မြို့နယ်ကနေ ဘူးသီးတောင်မြို့နယ်ကို စက်လှေနဲ့ခရီးသွားချိန် ဩဂုတ်လ ၃၀ ရက်က ရေနစ်ပျောက်ဆုံးခဲ့တဲ့ ဒု-မူလတန်းပြကျောင်းဆရာ ဦးစိုးမြတ်ကျော်ရဲ့ ရုပ်အလောင်းကို ပြန်ရှာဖွေတွေ့ခဲ့ပါတယ်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာနေထိုင်တဲ့ အသက်သုံးဆယ့်ခြောက်နှစ်အရွယ် ဆရာဦးစိုးမြတ်ကျော်ဟာ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ တာဝန်ကျနေသူဖြစ်ပါတယ်။
သူရဲ့ရုပ်အလောင်းကို စက်တင်ဘာ ၁၂ ရက်၊ ညနေ ၄ နာရီခန့်မှာ ဖိုးခေါင်ချောင်းရွာနဲ့ ဂုံးနားရွာကြားချောင်းကမ်းစပ်မှာ ဒေသခံတွေကတွေ့ရှိခဲ့တာပါ။
အဲဒီကျောင်းဆရာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်၊ည ၉ နာရီ ၂၀ မိနစ်အချိန်မှာ ခရီးသည်ဆယ်ဦးတင်ဆောင်လာတဲ့ စက်လှေနဲ့ထွက်ခွာလာချိန် ကာဒီရွာအနီးမှာရေလှိုင်းထန်မှုနဲ့ တိမ်းမှောက်ရာကနေ ရေနစ်ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။
စက်လှေတိမ်းမှောက်မှုအတွင်း လိုက်ပါလာသူခရီးတဲ့ဆယ်ဦးထဲက ကျောင်းဆရာဦးစိုးမြတ်ကျော်တဦးသာ ရေနစ်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ကျန်ခရီးသည်ကိုးဦးကိုတော့ ကာဒီကျေးရွာဒေသခံတွေက ကူညီကယ်ဆယ်နိုင်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ ဘုရားပြင်နဲ့ အောင်ပကျေးရွာတို့မှ ဒေသခံခြောက်ဦးကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ငွေကျပ်ဆယ့်နှစ်သိန်းဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပါတယ်။
အဲဒီစက်လှေမောင်နှင်လာသူဟာ အရက်သေစာသောက်စားထားတာကြောင့် သူ့ကိုဥပဒေနဲ့အညီအရေးယူဖို့ ဆောင်ရွက်နေပါတယ်။







