Border News Agency
နေပြည်တော်၊စက်တင်ဘာ ၁၃။
ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖမ်းဝရမ်းထုတ်ထားပြီး တရားခံပြေးအဖြစ်ကြေညာကာ အမေရိကန်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၃၊ဒီနေ့ထုတ်ပြန်ပါတယ်။
ဦးကျော်မိုးထွန်းဟာ နယူးယောက်မြို့ရှိ နိုင်ငံတော်ပိုင်ရုံးခန်း၊ နေအိမ်နဲ့မော်တော်ယာဉ်တို့ကို ဆက်လက်အသုံးပြုနေသလို Bank of America ရှိ ဘဏ်ငွေစာရင်းမှ အမေရိကန်ဒေါ်လာနှစ်သန်းခုနှစ်သိန်းခြောက်သောင်းနဲ့ ယူရိုသုံးသောင်းရှစ်ထောင် နှစ်ရာသုံးဆယ့်သုံးကျော်ကိုလည်း အလွဲသုံးစားပြုလုပ်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကစွပ်စွဲထားတာပါ။
အဲဒီအပြင် မတရားအသင်းအဖြစ်ကြေညာထားတဲ့ NUG၊ CRPH တို့နဲ့ဆက်သွယ်ကာ ကုလသမဂ္ဂစင်မြင့်ကို အလွဲသုံးစားပြုပြီး အလှူငွေကောက်ခံပေးနေတဲ့အတွက် သူ့ကိုရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၂)၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့အပါအဝင် ပုဒ်မအများအပြားနဲ့ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။
အဲဲဒီရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ တို့နဲ့တရားခံပြေးကြေညာထားပြီး INTERPOL၊ USNCB တို့မှတဆင့် အမေရိကန် ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်အရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုယ်စားပြုမှုမှာ ခန့်အပ်လွှာစိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို နှစ်စဉ် ဆိုင်းငံ့ထားတဲ့ ယာယီအခြေအနေသာဖြစ်ပြီး သူ့ရဲ့ ထုတ်ပြန်ချက်တွေဟာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူတွေကို ကိုယ်စားမပြုဘူးလို့လည်း အသိပေးထားပါတယ်။







