Border News Agency
ဆိုင်ဟာ၊ စက်တင်ဘာ ၁၅။
အိန္ဒိယ-မြန်မာနယ်စပ်၊မီဇိုရမ်ပြည်နယ်၊ဆိုင်ဟာခရိုင်၊ခိုင်ခီကျေးရွာရှိမရာလူငယ်အသင်းရဲ့ နယ်စပ်စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ရခိုင်စက်လှေမောင်းသမားတွေနဲ့ ကုန်စည်သယ်ယူခွင့်မှာ အငြင်းပွားမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီခိုင်ခီဒေသမှာ ခိုင်ခီဌာနခွဲနဲ့ ရခိုင်စက်လှေမောင်းသမားတွေအကြား ဖြစ်ပွားခဲ့တဲ့အငြင်းပွားမှုနဲ့ပတ်သက်ပြီး MTP ဗဟိုဌာနချုပ်က စက်တင်ဘာလ ၁၄ ရက်၊မနက်ပိုင်းမှာ အရေးပေါ် အစည်းအဝေးလုပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
အဲဒီအရေးပေါ် အစည်းအဝေးမှာဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကိုသုံးသပ်ခဲ့ကြပြီး ခိုင်ခီဌာနခွဲနဲ့ ရခိုင်စက်လှေမောင်းသမားတွေအကြား ဖြစ်ပွားခဲ့တဲ့ပြဿနာအပေါ် MTP ဗဟိုဌာနချုပ်အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ လိုအပ်တဲ့ဖြေရှင်းမှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နယ်မြေကိုတာဝန်ယူထားတဲ့ MTP Sub Headquarters (Phura) အနေနဲ့ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သလို စုံစမ်းအရေးယူဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ MTP ခေါင်းဆောင်တွေ၊ကျေးရွာကောင်စီဝင်တွေ၊လူမှုကွန်ရက် သုံးစွဲသူတွေအနေနဲ့ အွန်လိုင်းပေါ်မှာ အချေအတင်ပြောဆိုတာမျိုးတွေ မပြုလုပ်ကြဖို့၊ လမ်းကြောင်းပေါ်မှာ အခက်အခဲ ဖြစ်ပေါ်နေသူတွေကို ကူညီစောင့်ရှောက်ပေးသွားမှာ ဖြစ်ပြီး MTP အနေနဲ့ ဆက်လက်ကူညီပေးဖို့အသင့်ရှိတယ်လို့လည်း အသိပေးထားပါတယ်။
အဲဒါကြောင့် MTP ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက် သို့မဟုတ် တရားဝင်မေးမြန်းထားတဲ့ သတင်းတွေကိုသာ အတည်ယူကြဖို့နဲ့ မမှန်ကန်တဲ့သတင်းတွေကို ယုံကြည်ဖြန့်ဝေတာမလုပ်ကြဖို့လည်း ပြည်သူတွေကိုမေတ္တာရပ်ခံထားပါတယ်။







