Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၈။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊အာရက္ခအမျိုးသားပညာရေးဌာန၊အဆင့်မြင့်ပညာရုံးကဦးစီးပြီး တက္ကသိုလ်ဘွဲ့သင်တန်းတွေအတွက် သင်တန်းသား လျှောက်လွှာတွေကို စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ခေါ်ယူနေပါတယ်။
ခေါ်ယူနေတဲ့သင်တန်းတွေဟာ BEd၊ BA (Edu) နဲ့ BSc (Edu) ဘွဲ့တွေအတွက် ဒုတိယနှစ်နဲ့တတိယနှစ်သင်တန်းတွေအပါအဝင် ဝိဇ္ဇာနဲ့သိပ္ပံ (BA/BSc) ဘွဲ့တွေအတွက် ဒုတိယနှစ်သင်တန်းတွေဖြစ်ပါတယ်။
အဲဒီအပြင် အင်္ဂလိပ်စာသင်ကြားရေးဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အတွက်လည်း သင်တန်းသားတွေကို တပါတည်းခေါ်ယူထားတာဖြစ်ပါတယ်။
အဲဒီသင်တန်းတွေအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကန့်သတ်ချက်တွေရှိပြီး အသေးစိတ်အချက်အလက်တွေနဲ့ လျှောက်လွှာတွေကိုတော့ နီးစပ်ရာ ခရိုင်နဲ့ မြို့နယ်ရုံးတွေမှာ စုံစမ်းထုတ်ယူနိုင်ပါတယ်။
လျှောက်လွှာတင်သွင်းရမယ့်နောက်ဆုံးရက်ကို အောက်တိုဘာလ ၃ဝ ရက်နေ့အဖြစ်သတ်မှတ်ထားပြီး အာရက္ခအစိုးအနေနဲ့ အာရက္ခပြည်ထိန်းချုပ်မြို့တွေမှာ အစိုးရယန္တရားဆိုင်ရာပညာရေးဝန်ဆောင်မှုတွေကို တိုးမြှင့်ဆောင်ရွက်နေတာဖြစ်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခပြည်အတွင်းရှိ မြို့နယ်အသီးသီးမှာ အခြေခံပညာကျောင်းတွေနဲ့တက္ကသိုလ်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းသား၊ကျောင်းသူတွေပညာဆက်လက်သင်ယူနိုင်ရေးအတွက် ပညာရေးကဏ္ဍကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်။







