Border News Agency
တောင်ကုတ်၊ စက်တင်ဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် ည ၁၁ နာရီမှ မနက် ၅ နာရီအထိသွားလာခွင့်ကန့်သတ်တဲ့ ညမထွက်ရအမိန့်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
အဲဒီကန့်သတ်မိန့်ကို စက်တင်ဘာလ ပထမပတ်ကတည်းက မြို့နယ်အတွင်းရှိရပ်ကွက်နဲ့ ကျေးရွာတွေမှာအသံချဲ့စက်တွေနဲ့ လိုက်လံအသိပေးထားတာဖြစ်ပြီး အာရက္ခအစိုးရက ပြန်လည်မရုပ်သိမ်းမီအထိ ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါတယ်။
ခုလိုကန့်သတ်ချက်တွေချမှတ်ရတာဟာ ပဲခူးနဲ့မကွေးနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေ ကစဉ့်ကလျားထွက်ပြေးဝင်ရောက်လာနိုင်တဲ့ အခြေအနေတွေကြောင့်ဖြစ်ပါတယ်။
အဲဒီအပြင် တောင်ကုတ်ဘက်ကနေ ပြည်မဘက်ကိုတရားမဝင်ထွက်ခွာသူတွေအနေနဲ့ လမ်းခရီးမှာအာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးငွေညှစ်ခံရတာနဲ့အဓမ္မစစ်မှုထမ်းခိုင်းတာတွေမှ ကာကွယ်နိုင်ဖို့လည်းရည်ရွယ်ထားတာပါ။
နောက်ပြီးဒေသတွင်း ခိုးမှုဖြစ်စဉ်တွေလျှော့ချရေးနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် လက်ရှိမှာအာရက္ခတပ်တော်က လုံခြုံရေးလုပ်ငန်းတွေကိုအထူးတင်းကျပ်စွာ ဆောင်ရွက်နေကြပါတယ်။






