Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၆။
ပြည်ပက မြန်မာနိုင်ငံကိုခွင့်နဲ့ပြန်လာတဲ့ အလုပ်သမားတွေဟာ ပြန်ထွက်ခွာချိန်မှာ အလုပ်ရှင်ရဲ့ ခွင့်စာနဲ့ သက်ဆိုင်ရာ သံရုံးထောက်ခံစာတင်ပြရမယ့် စည်းကမ်းချက်တွေကို ဖြေလျှော့ပေးလိုက်တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။
PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေ ပြည်ပကိုပြန်လည်ထွက်ခွာချိန်မှာ အရင်က တောင်းခံခဲ့တဲ့ သံရုံးထောက်ခံစာနဲ့ ခွင့်စာအစား တခြား အထောက်အထားတွေကို အောက်တိုဘာလ ၁၀ရက်နေ့က စတင်ပြီးစိစစ်သွားမှာပါ။
အဲဒီခွင့်ပြန်လုပ်သားတွေဟာ နိုင်ငံကူးလက်မှတ်၊ သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ် သို့မဟုတ် ဗီဇာ၊ အနည်းဆုံး သက်တမ်းတနှစ်ရှိတဲ့ OWIC ကတ်နဲ့ လေယာဉ်လက်မှတ် မိတ္တူတို့ကို တင်ပြရမှာဖြစ်ပါတယ်။
အဲဒီအပြင် မိသားစုဆီ တရားဝင် လွှဲပို့ငွေ နှစ်ဆယ့်ငါးရာခိုင်နှုန်းလွှဲထားတဲ့ အနီးစပ်ဆုံး သုံးလစာ အထောက်အထား၊ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ထားတဲ့ တနှစ်စာအထောက်အထားနဲ့ သတင်းပို့ ပုံစံတွေကိုတော့ မပျက်မကွက်ပြသရမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်ပရောက် မြန်မာလုပ်သားတွေဆီက အခွန်နဲ့ ငွေလွှဲအထောက်အထားတွေ တောင်းခံပြီး ဘဏ္ဍာငွေရှာဖွေနိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတချို့ ပြောင်းလဲပြင်ဆင်နေတာ ဖြစ်တာလို့ ပြည်ပရောက်မြန်မာပြည်သူတွေကဆိုကြပါတယ်။








