အာရက္ခပြည်၊ စစ်တွေခရိုင်အတွင်း တိုက်ပွဲကာလနဲ့မိုးတွင်းမှာ ယိုယွင်းပျက်စီးခဲ့တဲ့ မြို့ချင်းဆက်၊ရွာချင်းဆက်လမ်းပိုင်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြုပြင်မွမ်းမံပေးနေပါတယ်။
အဲဒီစစ်တွေခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အဝေးပြေးလမ်းမကြီးတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။
အဲဒီပုဏ္ဏားကျွန်း – ရသေ့တောင် လမ်းမကြီး၊ရသေ့တောင် – ဘူးသီးတောင် လမ်းမကြီးတွေအပြင် ရွာချင်းဆက်လမ်းတွေ ပြုပြင်နေမှုဟာရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။
အဲဒါကြောင့် လမ်းတွေပြန်ကောင်းလာတာအပြင် ယာဉ်စည်းကမ်းထိန်းသိမ်းမှုတွေပါ ရှိလာတာကြောင့် အရင်ကမကြာခဏဖြစ်ပွားလေ့ရှိတဲ့ ယာဉ်တိုက်မှုတွေဟာလည်း သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် စက်ယန္တရား မလုံလောက်မှုနဲ့ ကုန်ကျစရိတ်ကြီးမားတာတွေကြောင့် လမ်းပိုင်းတချို့မှာတော့လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
အဲဒီလိုလမ်းပန်းဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ လူမှုစီးပွားဘဝတွေအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ကျန်ရှိနေတဲ့ လမ်းပိုင်းတွေကိုလည်း အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။











