Border News Agency
မကွေး၊ မေ ၁၈။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ် လမ်းဘေးတနေရာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကတက်လာတဲ့ ဂျိုင်ရိုကော့ပတာ၃ စီးဟာ မေလ ၁၈ ရက်၊ ဒီနေ့ မနက် ၁၀ နာရီအချိန်ခန့်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ဗုံးသီးတလုံးဟာ လူမနေတော့တဲ့နေအိမ်တလုံးဘေးကို ကျရောက်ခဲ့ပြီး နောက်တလုံးကတော့ ပြည်သူတွေ သွားလာနေတဲ့လမ်းပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုကြပါတယ်။
အဲဒီအပြင်ဒေသခံတွေ အချိန်မီရှောင်တိမ်းနိုင်ခဲ့ကြတာကြောင့် ကံကောင်းထောက်မစွာ လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် ဗုံးပေါက်ကွဲတဲ့နေရာအနီးက ဈေးဆိုင်တွေရဲ့တံခါးတွေနဲ့ နံရံတွေမှာ ဗုံးစတွေမှန်ခဲ့တာကြောင့် ပျက်စီးသွားခဲ့ရသလို ဗုံးသီးကျရောက်ခဲ့တဲ့နေအိမ်တလုံးလည်း လုံးဝပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပခုက္ကူခရိုင်အတွင်းက မြစ်ခြေနယ်တစ်ဝိုက်နဲ့ ဆိပ်ဖြူ၊ ပေါက်မြို့နယ်ဘက်တွေမှာ စစ်ကြောင်းထိုးတာ၊ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်မြေပြင်စစ်ကြောင်းတွေအပြင် မြိုင်နဲ့ ပေါက်နယ်စပ်ကို လေကြောင်းကနေပါ တဖန်ပြန်လည်တိုက်ခိုက်လာတာလို့ဆိုကြပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေကတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းရန်ဟာ အချိန်မရွေးကျရောက်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းသတိအမြဲရှိကြဖို့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုအန္တရာယ်တွေကို ဂရုစိုက်ရှောင်ရှားကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။















