Border News Agency
ကျိုက်ထို၊ ဇွန် ၂၂။
ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇွန်လ ၂၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီကျိုက်ထိုမြို့နယ်၊ သဝေါသောကျေးရွာကို ဇွန်လ ၁၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဦးစောကျော်တင့် သေဆုံးခဲ့ရပြီး သူ့ဇနီးဖြစ်သူလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ငှက်ပျောတောကျေးရွာအနီးရှိ လုပ်ငန်းခွင်ထဲကို ဇွန်လ ၅ ရက်နေ့မှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်၄၄ခြေမြန်တပ်မဌာနချုပ်က ၁၂၀ မမ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် ဦးစောစိန်ကုလားသေဆုံးခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေကိုပဲပစ်မှတ်ထားပြီး လေကြောင်းကရော၊ လက်နက်ကြီးနဲ့ပါတိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာ အသက်ဘေးအတွက်ကြောက်ရွံ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။















