Border News Agency
အင်ဒိုနီးရှား၊ ဩဂုတ် ၁၈။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ပြင်းအား ၇.၇ အဆင့်ရှိ အပြင်းစားငလျင်ကြောင့် သေဆုံးသူဦးရေဟာ ခြောက်ဆယ်ငါးဦးထိမြင့်တက်လာတယ်လို့ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ (BNPB)ကထုတ်ပြန်ပါတယ်။
အဲဒီငလျင်ကြောင့် သေဆုံးသူများပြားခဲ့သလို လူပေါင်းနှစ်ရာကျော်ဒဏ်ရာရရှိခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ်တွေနဲ့မြေပြိုမှုတွေကြောင့် ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်ပေါ်နေတာပါ။
အရှေ့နူဆာတင်ဂါရာပြည်နယ်အတွင်း အိမ်ခြေငါးရာနီးပါးပျက်စီးခဲ့ရပြီး ပျက်စီးသွားတဲ့အဆောက်အအုံတွေအောက်မှာ ပိတ်မိနေသူတွေကိုလည်း ကယ်ဆယ်ရေးအဖွဲ့တွေကဆက်လက်ရှာဖွေနေပါတယ်။
ငလျင်ဘေးကြောင့် ဒေသခံထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာခဲ့ရပြီး နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်မှာကိုစိုးရိမ်တဲ့အတွက် အပြင်ဘက်တဲတွေမှာခိုလှုံနေကြရပါတယ်။
လက်ရှိမှာအာဏာပိုင်တွေက ဘေးသင့်ဒေသတွေကို အစားအသောက်နဲ့တဲတွေအပါအဝင် အရေးပေါ် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နိုင်ဖို့လေယာဉ်တွေပြင်ဆင်နေပါတယ်။













