Border News Agency
တာချီလိတ်၊ စက်တင်ဘာ ၇။
ရှမ်းပြည်အရှေ့ပိုင်း၊တာချီလိတ်မြို့မှာ စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းက အထက်တောင်ပေါ်ပိုင်းမိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် တောင်ကျရေတွေစီးဆင်းလာခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် စက်တင်ဘာလ ၇ ရက်၊ဒီနေ့မနက် ၇ နာရီကစလို့ မယ်ဆိုင်ချောင်းရေလျှံတက်လာပြီး တာချီလိတ်မြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေအတွင်း ရေတွေဝင်ရောက်ကာ သွားလာရေးအခက်အခဲတွေဖြစ်နေကြပါတယ်။
လက်ရှိမှာ လွယ်တော်ခန်း၊ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း၊ မယ်ခေါင်နဲ့ ရန်အောင်မြေရပ်ကွက်တွေမှာ ရေဝင်ရောက်နေပြီး မကာဟိုခမ်းရပ်ကွက်မှာလည်း နာရေးပို့ဆောင်ရာမှာ လှေကို အသုံးပြုနေကြရပါတယ်။
အဲဒီရေကြီးရေလျှံမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအချိန်မီ ဆောင်ရွက်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက အသင့်စောင့်ဆိုင်းနေကြပါတယ်။


















