Border News Agency
ရန်ကုန်၊ မတ် ၁၁။
အာရက္ခတပ်တော်(AA)တိုက်ခိုက်သိမ်းယူဖို့ကြိုးစားနေတဲ့ ပြည်နယ်မြို့တော်စစ်တွေသို့ စစ်ကော်မရှင်ရေတပ်စစ်သ င်္ဘောကြီးတွေနဲ့ လက်နက်ခဲယမ်းတွေပို့ဆောင်နေတယ်လို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။
အဲဒီဒရုန်းဗုံးတွေ၊ လက်နက်ကြီးကျည်တွေအပါအဝင်လက်နက်ခဲယမ်းတွေကို ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှမတ်လ ၁၀ ရက်နေ့က စစ်ကော်မရှင်ရေတပ်စစ်သင်္ဘောကြီးတွေ မှာတင်ဆောင်ပို့လိုက်တာလို့ ဆိုကြပါတယ်။
“ရုရှားစစ်ရေယာဉ်သုံးစင်းနဲ့လာပို့တာပါ။ အဲဒါတွေကိုစစ်တွေကိုချက်ချင်းပို့နေတာပါ။ ဒရုန်းဗုံးတွေ၊ ဒုံးသီးတွေအဓိ ကပါလာပါတယ်။ ရခိုင်ကိုအဓိကပို့နေတာပါ။”လို့ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ စစ်ကော်မရှင်တပ်အရာရှိကြီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီရုရှားစစ်ရေယာဉ်သုံးစင်းဟာ မတ် လ ၅ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာတာဖြစ်ပြီးမတ် လ ၁၀ ရက်၊ မနေ့က ပြန်သွားခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ရုရှားစစ်ရေယာဥ်တွေဟာ ရန်ကုန်မြို့သို့မကြာခဏလာရောက်ပြီးလက်နက်ခဲယမ်းတွေပို့ဆောင်နေတာဖြစ်သလို တခြားနိုင်ငံတချို့လည်းလာရောက်ပြီး လက်နက်ခဲယမ်းတွေပို့ဆောင်ပေးနေကြတယ်လို့ စစ်ကော်မရှင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီလက်နက်ခဲယမ်းတွေကို ကျောက်ဖြူနဲ့စစ်တွေသို့ အဓိကပို့ဆောင်နေခဲ့တာဖြစ်ပြီး ရေတပ်စစ်သင်္ဘောကြီးတွေဟာလက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်သည်တွေအပါအဝင် ထောက်ပို့သယ်ယူပို့ဆောင်ရေးကိုလုပ်ပေးနေကြရတာလို့ စစ်ကော်မရှင်တပ်အသိုင်းအဝိုင်းကဆိုကြပါတယ်။
“လက်နက်ခဲယမ်း၊ စစ်သည်တွေလိုသလောက်ပို့ပေးနေပါတယ်။ အဓိကတော့ကျောက်ဖြူနဲ့စစ်တွေမကျဖို့ အကုန်သုံးမှာပါပဲ။ လုပ်လို့ရတာတွေအကုန်လုပ်ကြဖို့အမိန့်ပေးထားပြီးသားပါ။ ရေတပ်အင်အားအများဆုံးကို ရခိုင်ကိုပို့ထားတာပါ။”လို့ ရန်ကုန်မှ စစ်ကော်မရှင်ရေတပ်အရာရှိကြီးတဦးက Border NewsAgency ကို ပြောပါတယ်။
အဲဒီလက်နက်ခဲယမ်းတွေကို စစ်တွေမြို့၊ ရွှေမင်းဂံရှိ အမှတ် ၃ ဗျူဟာစစ်ရေယာဥ်စုဆိပ်ကမ်းကတင်ဆောင်ခဲ့ပေမယ့် စစ်တွေမြို့ဖောင်တော်ကြီးဆိပ်ကမ်းကိုသာ ပြန်လည်အသုံးပြုတင်ဆောင်နေကြတယ်လို့ စစ်တွေမြို့ရှိစစ်ကော်မ ရှင်တပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အဲဒီပြည်နယ်မြို့တော်စစ်တွေကို အာရက္ခတပ်တော်သိမ်းယူဖို့အတွက် ရွှေမင်းဂံရှိ အမှတ် ၃ စစ်ဗျူဟာစစ်ရေယာဥ်စုတပ်ရင်းအပါအဝင်နေရာတချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။






