Border News Agency
နေပြည်တော်၊ ဧပြီ ၂၃။
အာဆီယံအဖွဲ့နဲ့ပတ်သက်ရင် အကောင်းဆုံးဖြစ်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတတုမင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောလိုက်ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာပါတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် တခြားအချက်တွေကိုလည်း အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လူမှုကွန်ယက်ပေါ်က သတင်းအမှားတွေကို အခြေခံပြီး မိမိတို့အပေါ် ဖိအားပေးတာတွေ ရှိနေသလို အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း မူလသဘောတူညီချက်တွေကို ပြင်ဆင်ချင်နေကြတယ်လို့ ဝေဖန်ပြောဆိုခဲ့တာပါ။
အစိုးရအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လုပ်သွားမှာဖြစ်ပေမယ့် နိုင်ငံတကာက ဖိအားပေးနေမှုတွေအပေါ်မှာတော့ သဘောမကျဘူးလို့လည်းဆိုပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ ကာလုံအစည်းအဝေးအတွင်း အာဆီယံနဲ့ ပတ်သက်တဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို သမ္မတတုကပြောသွားခဲ့တာပါ။






