Border News Agency
အီရန်၊မေ ၉။
အမေရိကန်က Freedom Project ကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေတာကြောင့် အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားဖြတ်သန်းမှုဆိုင်ရာ စည်းမျဉ်းသစ်တွေကို ထုတ်ပြန်လိုက်တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
အီရန်အစ္စလမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က ရေလက်ကြားဖြတ်သန်းရာမှာ အီရန်ရဲ့ ထောက်ခံချက်ယူရမယ့် လမ်းကြောင်းသစ်နှစ်ခုကို သတ်မှတ်လိုက်တာဖြစ်တယ်လို့ အီရန်မီဒီယာတွေက ဆိုပါတယ်။
အဲဒီ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေ၊ ကုန်တင်သင်္ဘောတွေနဲ့ သင်္ဘောပိုင်ရှင်တွေအားလုံးဟာ အီရန်အာဏာပိုင်တွေဆီကနေ အန္တရာယ်ကင်းစွာ ဖြတ်သန်းခွင့်ကို မဖြစ်မနေ တောင်းခံရမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ရေလက်ကြားအတွင်း ပိတ်မိနေတဲ့ သင်္ဘောတွေကို ကယ်ထုတ်ဖို့အတွက် Freedom Project ကို ပြန်လည်အသက်သွင်းဖို့ လုပ်ဆောင်နေတာပါ။
ဒီ Freedom Project ကိုမေလ ၄ ရက်နေ့က ပထမအကြိမ် စတင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အီရန်နိုင်ငံနဲ့ လုပ်ဆောင်နေတဲ့ ဆွေးနွေးမှုတွေကို အနှောက်အယှက်ဖြစ်မှာစိုးတာကြောင့် တစ်ရက်သာ လုပ်ဆောင်ပြီး ပြန်လည်ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အဲဒီပရောဂျက်ကို ဘယ်အချိန်မှာ ပြန်စမလဲဆိုတဲ့ တိကျတဲ့ ထုတ်ပြန်ချက် မရှိသေးပေမယ့် ဒီတစ်ပတ်အစောပိုင်းအတွင်း ပြန်စဖို့ ကာကွယ်ရေးဌာနက အချိန်သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းဖြစ်တာကြောင့် အခုလို တင်းမာမှုတွေ ဖြစ်နေတာဟာ ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့မှုကွင်းဆက်ကို ထိခိုက်စေနိုင်ပါတယ်။
ကုလသမဂ္ဂ အစားအသောက်နဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ကလည်း ဟော်မုဇ်အရေးကြောင့် လိုအပ်တဲ့ ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အချိန်မီရရှိဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးပြောကြားထားပါတယ်။
အီရန်ရဲ့ စည်းမျဉ်းသစ်တွေဟာ ရေလက်ကြားအတွင်း အမေရိကန်ရဲ့ လှုပ်ရှားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ထွက်ပေါ်လာတာဖြစ်ပြီး ဒေသတွင်း ရေကြောင်းလုံခြုံရေးအခြေအနေကို ပိုမိုတင်းမာလာစေပါတယ်။
ဖြတ်သန်းခွင့် တောင်းခံရမယ့် စည်းကမ်းချက်တွေကြောင့် နိုင်ငံတကာ ကုန်တင်သင်္ဘောတွေအနေနဲ့ သွားလာရေး ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
အမေရိကန်နဲ့ အီရန်ကြားက ဒီခြေလှမ်းတွေကို နိုင်ငံတကာက စောင့်ကြည့်နေကြပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ဖို့က အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။
စစ်ရေးနဲ့ နိုင်ငံရေး တင်းမာမှုတွေကြားမှာ ကမ္ဘာ့စီးပွားရေးနဲ့ စားနပ်ရိက္ခာ လုံခြုံမှုအတွက် စိုးရိမ်မှုတွေကလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။






