Border News Agency
ဖိလစ်ပိုင်၊မေ ၁၄။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် (CRYH) ရဲ့ တိုက်တွန်းချက်ကို အာဆီယံအထူးကိုယ်စားလှယ် Ms. Theresa P. Lazaro က အကြောင်းပြန်စာ ပေးပို့လာပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးကြီးဆုံး ခြေလှမ်းဖြစ်တယ်လို့ အာဆီယံက ရှုမြင်ထားပြီး သံတမန်ရေးအရလည်း အခိုင်အမာ တောင်းဆိုနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ အသိအမှတ်ပြုဖို့ သဘောတူညီမှု မရရှိခဲ့ဘူးလို့ အထူးကိုယ်စားလှယ်က အတည်ပြုပါတယ်။
အကြမ်းဖက်မှုတွေ ရှိနေသရွေ့နဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်နိုင်သရွေ့ဒီလိုရွေးကောက်ပွဲမျိုးကို လက်ခံဖို့ ခက်ခဲလိမ့်မယ်လို့လည်း အာဆီယံဘက်က ဆိုထားပါတယ်။
ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌကတော့ အာဆီယံရဲ့ အခုလို တုံ့ပြန်ချက်တွေအပေါ် ကျေးဇူးတင်ကြောင်း ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က တရားမဝင်အစိုးရလို့ သတ်မှတ်ထားပေမယ့် အကြမ်းဖက်မှုလျှော့ချရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အာဆီယံက ဆက်သွယ်နေတာကို နားလည်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ ကြိုးစားပေးနေတာနဲ့ သူမကို အမျိုးသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခွင့်ရအောင် ထောက်ခံပေးတဲ့ ဖိလစ်ပိုင်သမ္မတရဲ့ ရပ်တည်ချက်ကိုလည်း လွှတ်တော်ဘက်က ကြိုဆိုခဲ့ပါတယ်။
အခုလို အာဆီယံဘက်က တရားဝင် အသိပေးလာတာဟာ ဖက်ဒရယ်ယူနစ်လွှတ်တော်တွေရဲ့ သံတမန်ရေးရာ အခန်းကဏ္ဍနဲ့ ကြိုးပမ်းမှုတွေ အောင်မြင်လာတာကို ပြသနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။






