Border News Agency
ရန်ကုန်၊မေ ၁၆။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းချိန်ကစပြီး ဒီနေ့အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ ရဲဘော် ၅၇ ဦး မတရားဖမ်းဆီးခံခဲ့ရတယ်လို့ ဗကသများအဖွဲ့ချုပ်က မေလ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေထဲမှာ ၂၀၂၂ ခုနှစ်အတွင်း ၃၅ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ဗကသရဲဘော် ၂၆ ဦးဟာအကျဉ်းထောင်တွေထဲမှာ မတရား ဆက်လက်ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဖမ်းဆီးထားသူတွေကို ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုထားပြီး ဗကသရဲဘော် ၂ ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်ထားသလို အခြားရဲဘော်တွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။
ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ၂ မခင်နီက လက်ရှိကာလဟာ ဗကသသမိုင်းတစ်လျှောက် ဖိနှိပ်မှုအပြင်းထန်ဆုံးကာလဖြစ်ပြီး လူငယ်ကျောင်းသားတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ဘယ်လိုစွန့်လွှတ်ပေးဆပ်မှုမျိုးကိုမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမယ်လို့ အသိပေးထားပါတယ်။







