Border News Agency
ကလေး၊ ဇွန် ၁၈။
ကလေး-တီးတိန်-ဟားခါး လမ်းခွဲသိုင်းငင်းရွာမှာ အထိုင်ချထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ က တပ်ကြပ်ကြီး ၁ဦးနဲ့ ဒုတပ်ကြပ် ၁ဦး အပါအဝင်တပ်ဖွဲ့ဝင် ၄ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ CDF CDM Siyin က ဇွန်လ ၁၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာတဲ့ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေကို CDF CDM Siyin ဘက်က ဂုဏ်ပြုဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့သလို နွေးနွေးထွေးထွေးပဲ ကြိုဆိုလက်ခံခဲ့တယ်လို့ဆိုပါတယ်။
အဲဒီသိုင်းငင်းရွာဟာ လက်ရှိအချိန်မှာ CDF CDM Siyin တို့ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့ လမ်းဆုံနေရာတခုလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်တပ်အတွင်းမှာ အဓမ္မစုဆောင်းခံရတာတွေ၊အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေနဲ့ တရားမျှတမှုကင်းမဲ့တဲ့လုပ်ရပ်တွေကြောင့် အာဏာသိမ်းစစ်တပ်သားတွေဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးတပ်တွေဆီကို နေ့တိုင်းလိုလို အလင်းဝင်လာနေကြတာဖြစ်ပါတယ်။










