Border News Agency
တရုတ်၊ ဇွန် ၁၈။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အောက်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းတွေကို အရှိန်မြှင့်ဖို့သဘောတူလိုက်တယ်လို့ ဇွန်လ ၁၈ ရက်နေ့ကထုတ်ပြန်တဲ့ တရုတ်-မြန်မာ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကိုရောက်နေတဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာပဲ ဒီသဘောတူညီမှုတွေကို ရရှိခဲ့တာပါ။
အဲဒီတရုတ်စီမံကိန်းဟာ အာရက္ခတပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေတဲ့ဒေသမှာ တည်ရှိနေတာပါ။
ဒါပေမယ့် စီမံကိန်းတွေကိုအရှိန်မြှင့်ဖို့ သဘောတူလိုက်တာဟာ ဒေသတွင်းတည်ငြိမ်မှုမရှိသေးတဲ့ကြားက တရုတ်စီးပွားရေးအကျိုးစီးပွားကိုသာ အဓိကထားဦးစားပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။
အဲဒီအပြင်အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေတဲ့ နယ်မြေမှာတရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို စစ်တပ်ကအာမခံချက်ပေးဖို့ ကြိုးပမ်းနေသလို ဖြစ်နေပါတယ်။
နောက်ပြီး လုံခြုံရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့သဘောတူလိုက်တဲ့အတွက် စီမံကိန်းတွေရဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ တရုတ်လုံခြုံရေးဝန်ထမ်းတွေ မြန်မာနိုင်ငံထဲကို တရားဝင်ဝင်ရောက်လာဖို့ လမ်းစဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။










