Border News Agency
လောင်းလုံး၊ဇွန် ၂၂။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထားဝယ်ခရိုင် PDF တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။
အဲဒီ တိုက်ပွဲဟာ ဇွန်လ ၁၄ ရက်၊မနက် ၆ နာရီကနေ ၁၅ ရက်၊မနက် ၄ နာရီအထိ စစ်ပြဲကျေးရွာမှာ တပ်စွဲဖို့လာတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာကနေ စတင်ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တာကြောင့်ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲကို ထားဝယ်ခရိုင် PDF တပ်ရင်း ၁၊၂၊၈၀၀၃ တို့အပြင်လောင်းလုံးသံမဏိလိပပြာတပ်ဖွဲ့ (LLSBF)၊ လောင်းလုံးပကဖ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ Guerrilla Dawei၊ ကျောင်းသားတော်လှန်ရေးတပ် (SRF) နဲ့ Dragon Squad (2) TNI အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။













