Border News Agency
ဗင်နီဇွဲလား၊ဇွန် ၂၆။
ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအားမဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ ရှိတဲ့ အင်အားပြင်းငလျင်နှစ်ခု စက္ကန့်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ်သွားခဲ့လို့ လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက်ဟာ ၁၆၄ ဦးအထိ တိုးလာပြီး ဒဏ်ရာရရှိသူ ၉၇၁ ဦးအထိ ရှိလာပြီလို့သိရပါတယ်။
အဲဒီ ငလျင်ဗဟိုချက်ဟာ မြို့တော်ကရာကတ်စ်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းမြို့ဖြစ်တဲ့ မိုရွန်မြို့အနီးမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး၊ မြို့တော်အတွင်း ပြင်းအားအနည်းငယ်ရှိတဲ့ နောက်ဆက်တွဲငလျင်အကြိမ်ပေါင်း ၂၀ ကျော်အထိ ဆက်တိုက်ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ယာယီသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးခဲ့တဲ့ လာဂွိုင်ရာပြည်နယ်ကို ဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်လိုက်ပါတယ်။
အဆောက်အအုံ ဒါဇင်ပေါင်းများစွာ ပြိုကျခဲ့ရာမှာ ကရာကတ်စ်မြို့ အယ်လ်တာမီရာရပ်ကွက်ရှိ ၂၂ ထပ် အဆောက်အအုံ ၃ လုံးလည်း ပါဝင်ခဲ့ပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေဆဲဖြစ်လို့ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါတယ်။
ငလျင်ဒဏ်ကြောင့် မြို့တော်ကရာကတ်စ်ရဲ့ အဓိကလေဆိပ်ဖြစ်တဲ့ ဆီမွန်ဘိုလီဗာ အပြည်ပြည်ဆိုင်ရာလေဆိပ် ပြင်းထန်စွာ ပျက်စီးသွားခဲ့လို့ ပိတ်ထားရသလို မြေအောက်ရထားပြေးဆွဲမှုတွေကိုလည်း ဆိုင်းငံ့ထားရပါတယ်။
နေရာအများအပြားမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့လို့ ပြည်သူတွေဟာ လမ်းမတွေပေါ်မှာပဲ တညလုံး ဖြတ်သန်းခဲ့ကြရပါတယ်။
အခုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ရာစုနှစ်တခုကျော်အတွင်း အပြင်းထန်ဆုံး သဘာဝဘေးအန္တရာယ်တခု ဖြစ်လာခဲ့ပြီး အိမ်နီးချင်း ကိုလံဘီယာနဲ့ ဘရာဇီးနိုင်ငံတွေအထိပါ ငလျင်ဒဏ် ခံစားခဲ့ရပါတယ်။
လက်ရှိမှာ ဘရာဇီး၊ မက္ကဆီကို၊ အီကွေဒေါ၊ ဘိုလီးဗီးယားနဲ့ အမေရိကန်နိုင်ငံတို့က ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ကမ်းလှမ်းထားကြပါတယ်။
























