Border News Agency
ပခုက္ကူ၊ ဇူလိုင် ၂၈။
မကွေးဒေသ၊ပခုက္ကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းမှ တောတွင်းတနေရာမှာ မျက်စိလည်ကျန်ခဲ့တဲ့ရဲနှစ်ဦးကို ဇူလိုင်လ ၇ ရက်နေ့က လက်နက်တွေနဲ့အရှင်မိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။
ပခုက္ကူတပ်မ ၁၀၁ မှ ထောက်ရှာပင်ရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်စစ်ကြောင်းမှ မျက်စိလည်လမ်းမှားပြီးကျန်ခဲ့တဲ့ ရဲနှစ်ဦးဟာ တောတွင်းတနေရာမှာ ခုနှစ်ရက်ခန့် အစာငတ်ပြတ်နေခဲ့တာလို့ ဆိုပါတယ်။
အဲဒီရဲတပ်သားနှစ်ဦးဟာ အစာရေစာငတ်ပြတ်တဲ့အပြင် ဖျားနာလာတာကြောင့် ဒေသခံပြည်သူတဦးဆီ ဆန်ထွက်တောင်းခဲ့ရာ ဒေသခံဟာကြောက်လန့်ထွက်ပြေးခဲ့ပြီး အကြောင်းကြားလာတဲ့အတွက် တောနင်းရှာဖွေခဲ့တာလို့ဆိုပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်နှစ်ဦးကို MA2 တလက်၊MA12 တလက်၊ကျည်ဘောက် ၈ ခု၊ကျည် ၃၀၀ တောင့်ကျော်နဲ့ အခြားဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကျေးရွာကိုမီးရှို့ဖျက်ဆီးဖို့ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေနင်းမိပြီး ထိခိုက်သေဆုံးတာတွေနဲ့ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်တပ်မှတပ်စွဲခဲ့တဲ့ ကျေးရွာကို ဇူလိုင်လ ၂ ရက်နေ့က ဝင်ရောက်နယ်မြေရှင်းလင်းခဲ့ချိန် MA3 တလက်၊ကျည်ဘောက်သုံးခုနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။












