Border News Agency
ချင်းမိုင်၊ သြဂုတ် ၃။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ကုတ်၊ ဆိုင်၊ ရွက်၊ မဲခေါင်နဲ့ ကရာဘူရီမြစ်တွေကို ကာကွယ်ဖို့အတွက် Save the Kok River ကွန်ရက်အဖွဲ့က ဩဂုတ် လ ၃ ရက်၊ ဒီနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ Wat Santitham ဘုရားကျောင်းကနေ လမ်းလျှောက်လာကြတာဖြစ်ပြီး မြန်မာနိုင်ငံက တရုတ်သတ္တုစက်ရုံတွေကြောင့်ဖြစ်ပေါ်လာတဲ့ နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုကိုတာဝန်ယူဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံလိပ်မူထားတဲ့ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားပေးပို့ခဲ့ကြတာပါ။
မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်မှုကလာတဲ့ အဆိပ်အတောက်ပါရေတွေကို မဲခေါင်မြစ်ဝှမ်းရှိတောင်သူတွေဟာ စိုက်ပျိုးမြေဧကလေးသောင်းကျော်မှာ အသုံးပြုနေရတယ်လို့ မြစ်ချောင်းများကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ကွန်ရက်ကဆိုပါတယ်။
အဲဒီအပြင်ချင်းရိုင်မြို့ပေါ်ရှိ လူဦးရေတသိန်းနှစ်သောင်းထက်မနည်းဟာ အဆိပ်အတောက်တွေပါဝင်နေတဲ့ ရေပိုက်ရေကိုသောက်သုံးနေရတာကြောင့် မြစ်ကမ်းဘေးရှိ သတ္တုတူးဖော်မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့ပါရှိပါတယ်။
Save the Kok River အဖွဲ့ဟာ ဒီမြစ်ရေညစ်ညမ်းမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ဇူလိုင်လ ၆ ရက်ကလည်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။













