Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေကို ထိရောက်စွာအရေးယူနိုင်ဖို့အတွက် အထူးတရားရုံးတွေဖွင့်ပြီး ပြစ်ဒဏ်ပေး နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ပါတီဗဟိုရုံးက အတည်ပြုပြောပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနဟာ ဩဂုတ်လကစပြီး သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေကို အထူးတရားရုံးတွေနဲ့စစ်ဆေးကာ ထောင်ဒဏ်ဆယ်နှစ်မှထောင်ဒဏ်တသက်ထိ ပြစ်ဒဏ်ချနေတယ်လို့ဆိုပါတယ်။
”သက်ငယ်မုဒိမ်းမှုတားဆီးရေးနဲ့ ပပျောက်ရေးအတွက် အသိပညာပေးလုပ်ငန်းတွေတင်မကဘဲ ကျူးလွန်သူတွေကိုလည်း အထူးတရားရုံးတွေနဲ့ ထိရောက်စွာ အရေးယူ ဆောင်ရွက်နေပါတယ်။ ဥပဒေအရပြင်းထန်တဲ့ပြစ်ဒဏ်တွေ ပေးဆောင်ရမှာဖြစ်ပါတယ်။”လို့ ULA ပါတီဗဟိုရုံးမှ တာဝန်ခံဒေါ်လှမြခိုင်ကပြောပါတယ်။
အဲဒီပြင်ရပ်ရွာအတွင်း သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေဖို့ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့်ဆင့်ရှိ ပါတီကော်မတီတွေနဲ့အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းတွေပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
မိဘအုပ်ထိန်းသူတွေကလည်း ဖြစ်စဉ်တခုခုကြုံတွေ့ရင် ရှက်ရွံ့လို့ဖုံးကွယ်မထားဘဲ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တရားဥပဒေစိုးမိုးရေး ဌာနတွေဆီရဲရဲဝံ့ဝံ့တိုင်ကြားကြဖို့ တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိမ်းမှုတွေအပါအဝင် မုဒိမ်းမှုတချို့ဖြစ်နေတာကို ပြည်သူတွေဝေဖန်ပြောဆိုမှုများနေကြပါတယ်။
အဲဒီအမှုတွေထဲက ကျူးလွန်သူတချို့ကို ဖမ်းမမိတာတွေ၊ ဖမ်းမိထားတာကထွက်ပြေးသွားတာတွေလည်းရှိနေတာမို့ ပြည်သူတွေဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။










