Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ ကုန်သည်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေဆီက အခွန်ကောက်ခံချိန်သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံတာ ဒါမှမဟုတ် မတရားငွေကြေးတောင်းခံတာတွေရှိလာရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုအုပ်ချုပ်ရေးဌာနနဲ့အခွန်ကောက်ခံရေးအဖွဲ့ဆီ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ အသိပေးထားပါတယ်။
အဲဒီအခွန်ဌာနဟာ ကောက်ခံရရှိတဲ့အခွန်ငွေတွေကို ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် တိုက်ရိုက်ပြန်အသုံးပြုနိုင်ဖို့ စနစ်တကျစီမံခန့်ခွဲပေးနေပြီး အခွန်ထမ်းတွေအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနဲ့ အဂတိလိုက်စားမှုကင်းရှင်းရေးအတွက် တင်းကျပ်စွာကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အခွန်ပေးဆောင်တဲ့အခါ တရားဝင်အသိအမှတ်ပြုအခွန်ပြေစာတွေကို စနစ်တကျ ထုတ်ပေးနေပြီး လမ်းခရီးဂိတ်တွေမှာ ထပ်ခါတလဲလဲ အခွန်ထပ်မံကောက်ခံတာမျိုးမရှိစေဖို့အတွက်လည်း ကာကွယ်ပေးထားတယ်လို့ဆိုပါတယ်။
အခွန်ထမ်းပြည်သူတွေအနေနဲ့လည်း အခွန်ဥပဒေကိုနားလည်သဘောပေါက်စေဖို့ အသိပညာပေးတာတွေ၊အခွန်ဆောင်ရမယ့်နည်းလမ်းတွေကို အဆင်ပြေချောမွေ့စွာထမ်းဆောင်နိုင်ဖို့ ပြင်ဆင်ပေးထားပြီး စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း အရောင်းအဝယ်စာရင်းဇယားတွေကို ရိုးသားမှန်ကန်စွာဖော်ပြကြဖို့ တိုက်တွန်းထားတာပါ။
အဂတိလိုက်စားမှုကင်းရှင်းပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အခွန်ထမ်းယဉ်ကျေးမှုကောင်းတွေ ထွန်းကားလာစေဖို့နဲ့ ပြည်သူတွေဘက်ကလည်း မှန်ကန်စွာအခွန်ထမ်းဆောင်ပြီး ဌာနဘက်ကလည်း ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်းဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အကောက်ခွန်နဲ့အခွန်ဌာနကဦးဆောင်ပြီး အခွန်၊အခတွေကောက်ခံနေတာဖြစ်ပါတယ်။
ဒါပေမယ့်အကောက်ခွန်နဲ့ အခွန်ဌာနရဲ့တရားဝင်ပြောဆိုချက်တွေနဲ့ကွဲလွှဲပြီး မြေပြင်မှာပိုမိုကောက်ခံမှုတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေဝေဖန်ပြောဆိုနေကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အကောက်ခွန်နဲ့အခွန်ဌာနကဝန်ထမ်းတချို့ဟာ အခွန်ကောက်ခံရထားတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်အသုံးပြုနေကြတာတွေ၊အဂတိလိုက်စားထားတဲ့အချက်အလက်တချို့ကို Border News Agency က လက်ခံရရှိထားပါတယ်။










