Border News Agency
အာသံ၊ ဩဂုတ် ၂၇။
အိန္ဒိယနိုင်ငံ၊အာသံပြည်နယ်၊ကာချာခရိုင်မှာ ရူပီတရာ့ခြောက်ဆယ်ရှစ်ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်က သြဂုတ်လ ၂၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကာချာခရိုင်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ ဝင်ငွေခွန်ထောက်လှမ်းရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး အိန္ဒိယရူပီတရာ့ခြောက်ဆယ်ရှစ်ကုဋေတန်ဖိုးရှိတဲ့ မူးယစ်ဆေးပြားငါးသိန်းခြောက်သောင်းကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုကို ဩဂုတ်လ ၂၆ ရက်နေ့က ပူးပေါင်းအဖွဲ့တွေ သတင်းရရှိချက်အရ သွားရောက် ရှင်းလင်းစစ်ဆေးရင်းဖမ်းဆီးရမိခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုစစ်ဆင်ရေးအတွင်း ဖြစ်စဉ်နဲ့ဆက်စပ်နေသူ အမျိုးသားတဦးကိုလည်း အာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဒီဖမ်းဆီးရမိမှုဟာ ပြည်နယ်အချင်းချင်း ချိတ်ဆက်လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဝါးမှောင်ခို ကွန်ရက်ကြီးကို အကြီးအကျယ်ထိုးနှက်နိုင်ခဲ့တာလို့ဆိုပါတယ်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေကို အပြီးတိုင်ဖြိုခွင်းသုတ်သင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။











