Border News Agency
အိန္ဒိယ ၊စက်တင်ဘာ ၂၈။
မြန်မာနိုင်ငံကတော်လှန်ရေးအဖွဲ့တွေကို စစ်ရေးနဲ့ဒရုန်းနည်းပညာတွေ လေ့ကျင့်ပေးခဲ့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားရုပ်ရှင်ဒါရိုက်တာမက်သရူးဗန်ဒိုက်ခ်အပါအဝင် ယူကရိန်းနိုင်ငံသားခြောက်ဦးကို အိန္ဒိယတရားရုံးကအာမခံပေးလိုက်ပြီး မိခင်နိုင်ငံတွေကို တလကြာယာယီပြန်ခွင့်ပြုလိုက်ပါတယ်။
သူတို့ ခုနှစ်ဦးကို အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က အကြမ်းဖက်မှုစွပ်စွဲချက်တွေ၊ ခွင့်ပြုချက်မရှိဘဲနယ်စပ်ဖြတ်ကျော်မှု၊ မြစ်ကြီးနားလေဆိပ်ခရီးသည်တင် လေယာဉ်ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုတို့နဲ့ဆက်စပ်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်က လေဆိပ်သုံးခုမှာဖမ်းဆီးခဲ့တာပါ။
ဒါပေမယ့်အကြမ်းဖက်မှု စွပ်စွဲချက်တွေအတွက် ခိုင်လုံတဲ့သက်သေမတင်ပြနိုင်တာကြောင့် စက်တင်ဘာလဆန်းစွဲချက်တင်ချိန်မှာ အကြမ်းဖက်မှုပုဒ်မတွေကို ပယ်ဖျက်ပေးခဲ့ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ လူဝင်မှုဆိုင်ရာပုဒ်မတွေနဲ့ပဲ ဆက်လက်စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားဗန်ဒိုက်ခ်ဟာ ထိန်းသိမ်းခံထားရစဉ်အတွင်း ကျန်းမာရေးဆိုးရွားလာလို့ ဘီးတပ်ကုလားထိုင်အသုံးပြုနေရပြီး ဒေလီမြို့တရားရုံးက စက်တင်ဘာလ ၂၄ ရက်မှာ သူတို့ကိုမိခင်နိုင်ငံတွေကို ယာယီပြန်သွားခွင့်ပြုခဲ့တာပါ။
အဲဒီဗန်ဒိုက်ခ်ဟာ လစ်ဗျားပြည်တွင်းစစ်မှာ တော်လှန်ရေးတပ်တွေဘက်ကပါဝင်ခဲ့ဖူးသူဖြစ်ပြီး Sons of Liberty International အဖွဲ့ကို ထူထောင်ကာ ကမ္ဘာအနှံ့က လက်နက်ကိုင်တပ်တွေကို စစ်ရေးဆိုင်ရာကူညီထောက်ပံ့မှုတွေပေးနေသူလည်းဖြစ်ပါတယ်။











