Border News Agency
စစ်တွေ၊ အောက်တိုဘာ ၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကုလားတန်မြစ်လယ်မှာရှိတဲ့ ငပြီကျွန်းကို အာဏာသိမ်းစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
အဲဒီကျွန်းဟာ ကုလားတန်မြစ်ဝမှာတည်ရှိပြီး ကုလားတန်မြစ်လျှောက်စိုးမိုးထိန်းချုပ်ရေးအတွက်အရေးပါတာမို့ အာဏာသိမ်းစစ်တပ်က ကြည်းရေလေပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
“ကမ်းထိုးနေဗီလေးစီးနဲ့တိုက်ခိုက်ရေးနေဗီသုံးစီးနဲ့ ဒီကျွန်းကို ဦးတည်လာကြတာ။ ငပြီကျွန်းနဲ့မနီးမဝေးလောက်မှာ အရှိန်လျှော့ပြီးစတင်ပစ်တာ။ AA ကလည်း သူတို့ဘက်ကရတဲ့ လက်နက်ကြီးတွေနဲ့ပြန်ပစ်တာ အပြန်အလှန်ပဲ။ တိုက်ပွဲက အရမ်းပြင်းထန်ခဲ့ပါတယ်။” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီငပြီကျွန်းကို နေဗီခုနှစ်စီးနဲ့ထိုးစစ်ဆင်နေချိန်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူပေးနေပေမယ့် ကမ်းတက်နေဗီတစီးနဲ့ တိုက်ခိုက်ရေးနေဗီတစီးကို အာရက္ခတပ်တော်က လက်နက်ကြီးပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီလိုနှစ်ဖက်အပြန်အလှန် လက်နက်ကြီးတွေရော၊စက်လက်တွေနဲ့ပါ ပစ်ခတ်နေတဲ့အချိန် အာဏာသိမ်းစစ်တပ်က Y-12 တွေ၊ဂျက်ဖိုက်တာတွေနဲ့ကူပေးခဲ့တာရှိတယ်။ စစ်တွေဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ပေးတာရှိတယ်။ အဲဒီကြားက နေဗီနှစ်စီးကို ထိအောင်ပစ်နိုင်ခဲ့တာပါ။ နေဗီပေါ်က တပ်သားတချို့သေဆုံးမှုတွေရှိနိုင်တယ်။” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီငပြီကျွန်းမှာ ကျေးရွာနှစ်ရွာရှိပြီးစစ်တွေရွှေမင်းဂံရေတပ်စခန်းနဲ့ တမိုင်နှစ်ဖာလုံခန့်သာကွာဝေးတာမို့ ရွှေမင်းဂံရေတပ်ကို စစ်ရေးအရခြိမ်းခြောက်ထားပါတယ်။
အဲဒီစစ်တွေရွှေမင်းဂံရေတပ်နဲ့တမိုင်ဝန်းကျင်အကွာမှာ အာရက္ခတပ်တော်တပ်စွဲထားပြီး စစ်တွေမြို့နယ်ရှိ အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရခြိမ်းခြောက်နေတာဖြစ်ပါတယ်။









