Border News Agency
ရသေ့တောင်၊ အောက်တိုဘာ ၂၁။
လာမယ့် ဆောင်းရာသီနဲ့ နွေရာသီတို့မှာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေရှားပါးမှု၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနဲ့ ရေအားလျှပ်စစ် လျော့နည်းမှုတွေဖြစ်ပေါ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေဟာ အားကောင်းတဲ့ အယ်လ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အမြင့်ဆုံးအခြေအနေကိုရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီအယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုနဲ့ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်တာ၊ အပူချိန်မြင့်မားတာနဲ့ မိုးခေါင်ရေရှားတာစတဲ့ အစွန်းရောက် ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။
အဲဒီအပြင် မြစ်ချောင်းနဲ့ ရေကန်တွေမှာ ရေနည်းပါးတာ၊ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ပြတ်လပ်တာ၊ ရေရှားပါးမှုကနေတဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ရေလှောင်တမံတွေမှာ ရေဝင်ရောက်မှု နည်းပါးတာကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာနိုင်တာမို့ သက်ဆိုင်ရာကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင်ကြဖို့ မိုးဇလကတိုက်တွန်းထားပါတယ်။










