Border News Agency
ဂျပန်၊အောက်တိုဘာ ၃၁။
ဂျပန်နိုင်ငံမှာရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာမှာ လစာဝင်ငွေခွန်နှစ်ရာခိုင်နှုန်းအပြင် အနီးစပ်ဆုံးသုံးလစာ မိသားစုငွေလွှဲပို့ထားတဲ့ အထောက်အထားတွေကို ပူးတွဲတင်ပြရမယ်လို့ တိုကျိုမြို့ရှိမြန်မာသံရုံးက အောက်တိုဘာလ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
အဲဒီစည်းကမ်းသစ်ကို နိုဝင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ကျင့်သုံးဆောင်ရွက်မှာဖြစ်ကာ လူကိုယ်တိုင်လာရောက်လျှောက်ထားသူတွေရောစာတိုက်ကနေတဆင့် လျှောက်ထားသူတွေပါ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။
အဲဒီအပြင် တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ရှိ မြန်မာသံရုံးကလည်း Passport for Job (PJ) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ သက်တမ်းတိုးလျှောက်ထားရာမှာ တရားဝင်ငွေလွှဲပို့ထားတဲ့ အနီးကပ်ဆုံးသုံးလစာ အထောက်အထားတွေကိုပူးတွဲပြသဖို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာပဲ အသိပေးကြေညာထားတာပါ။
ဆိုးလ်မြို့ရှိ မြန်မာသံရုံးဟာ ဗီဇာအမျိုးအစားအလိုက် ပတ်စပို့သက်တမ်းတိုးရာမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက စတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်ပရောက်မြန်မာလုပ်သားတွေဆီမှ ဝင်ငွေခွန်နဲ့တရားဝင်ငွေလွှဲအထောက်အထားတွေ ရယူနိုင်ဖို့အတွက် မြန်မာသံရုံးတွေကတဆင့် ဖိအားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။









