Border News Agency
စစ်ကိုင်း၊အောက်တိုဘာ ၃၁။
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေနဲ့ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းဓာတ်ပုံတွေကို ကောလင်းခရိုင်အမှတ် (၄) တပ်ရင်းက အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာလ ၄ ရက်နေ့မှစပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကိုထိန်းချုပ်ဖို့ စစ်ကြောင်း နှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ။
အောက်တိုဘာလ ၇ ရက်နေ့ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်သားငါးဆယ်ကျော်သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို စွန့်ပစ်ထွက်ပြေးသွားခဲ့ကြတာကြောင့် ဒေသခံတွေကသင်္ဂြိုလ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတွေတပ်ပျက်သွားခဲ့ပြီး ဗျူဟာမှူးကျော်ဆန်းဝင်းအပါအဝင် စစ်သားအချို့ကိုအရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနှစ်ကြောင်းမှာ အထိနာသွားခဲ့ပြီး အိုင်းမကျေးရွာမှာစုပေါင်းကာ အင်အားနှစ်ရာခန့်သာကျန်တော့တယ်လို့ဆိုပါတယ်။




















