Border News Agency
မြောက်ဦး၊ ဧပြီ ၃၀။
အာရက္ခပြည်သူလူထုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က တော်လှန်ရေးအပါအဝင်နိုင်ငံရေး၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံပေးဆပ်ခိုင်းလိုပုံရပါတယ်။
အရင်ကာလတွေတုန်းက ULA/AA အပေါ် အာရက္ခပြည်သူလူထုဟာ “ငါတို့ရဲ့ အဖွဲ့အစည်း၊ငါတို့ရဲ့နိုင်ငံတော်” ဆိုပြီး ရင်းနှီးမြှုပ်နှံထားတဲ့ပုံစံနဲ့အားပေးထောက်ခံမှုခိုင်ခိုင်မာမာရှိနေခဲ့ကြပေမယ့် လက်ရှိမှာတော့ ပိုမိုပေးဆပ်ခိုင်းချင်ပုံပါ။
အသက်၊ ချွေး၊ သွေး၊ ဘဝ၊ အချိန်ဆိုတဲ့အရင်းအနှီးတွေကို ပြည်သူလူထုက U LA/AA အပေါ် ပေးတာပဲဖြစ်ဖြစ်၊ ULA/AA ကပဲ ပြည်သူလူထုဆီက တောင်းဆိုရယူတာပဲဖြစ်ဖြစ် ဒါဟာ လူထုဘက်ကို ULA/AA ဆီကနေ “အမြင့်ဆုံးစံနှုန်း” ကို မျှော်လင့်ခိုင်းလိုက်တာနဲ့တူပါတ ယ်။
ဘာကြောင့်လဲဆိုရင် ပေးရတဲ့အရင်းအနှီးကလည်း ပြည်သူလူထုအနေနဲ့ကြည့်ရင် များလွန်းအားကြီးလွန်းလို့ပါပဲ။
အဲလိုပေးဆပ်ရတဲ့အရင်းအနှီးကြီးလာတဲ့အခါ ULA/AAအပေါ် ပြည်သူလူထုဟာ ပိုပြီးနက်ရှိုင်းလေးလံဖိစီးတဲ့ နိုင်ငံရေးအမှန်တရားနဲ့ချဉ်းကပ်လာမှာလည်း မြေကြီးလက်ခတ်မလွှဲပါဘူး။
ပြည်သူလူထုရဲ့ချဉ်းကပ်မှုအပေါ် ULA/AA အနေနဲ့ “သတင်းမီဒီယာတွေကိုထိန်းချုပ်ဖို့၊ လူထုအသံတိတ်စေဖို့”ဆိုတဲ့ လမ်းကြောင်းနဲ့သာ တုန့်ပြန်နေမယ်ဆိုရင် ကိုယ့်အပေါ် ပြည်သူလူထုယုံကြည်မှုကင်းမဲ့သွားအောင် လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံရေးမှာ တချို့အဖွဲ့အစည်းတွေဟာ”တော်လှန်ရေးအဖွဲ့”အဖြစ်နဲ့ပဲ ရပ်တည်နေချိန်မှာ ULA/AA ဟာ”အစိုးရ”အဖြစ် တည်ဆောက်နေတာပါ။
“ကိုယ်ပိုင်အုပ်ချုပ်ရေး”အကောင်အထည်ဖော်မှု “အစိုးရယန္တရား” တည်ဆောက်မှု(Institutionalization)ဖြစ်စဉ်ထဲကို ULA/AA တိုးဝင်လာနေပါတယ်။
အစိုးရဆိုတာ ပြည်သူလူထုရဲ့ခံစားချက်နဲ့သတင်းမီဒီယာတွေရဲ့စောင့်ကြည့်တာကို မလွှဲမရှောင်သာလက်ခံရပါမယ်။
သတင်းမီဒီယာတွေကို ဖိနှိပ်တဲ့အစိုးရဟာ “အာဏာရှင်အစိုးရ” ဖြစ်ပြီး သတင်းမီဒီယာတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့အစိုးရမှသာ “ဒီမိုကရေစီဆန်တဲ့အစိုးရ” ဖြစ်ပါတယ်။
ULA/AA ဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်မယ့်အဖွဲ့အစည်းလို့ယူဆရပါတယ်။
အဲဒီတော့ မိမိအပေါ် ဝေဖန်မှုတွေကို ULA/AA ဟာ “အစိုးရတရပ်ရဲ့ မဖြစ်မနေရင်ဆိုင်ရမယ့်တာဝန်” အဖြစ်ပဲ သတ်မှတ်နိုင်လိမ့်မယ်လို့ပဲယူဆရပါတယ်။
ဝေဖန်ထောက်ပြအဖြေရှာတဲ့ “နိုင်ငံရေးယဉ်ကျေးမှု(Political Culture)”
ပြည်သူလူထုကို ULA/AAက တော်လှန်ရေးအပါအဝင်နိုင်ငံရေး၊ တိုင်းပြည်တည်ဆောက်ရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံပေးဆပ်ခိုင်းလိုက်တာဟာ တဖက်မှာ အာရက္ခပြည်သူလူထုကို “မေးခွန်းထုတ်တတ်သူတွေ” ဖြစ်အောင် ULA/AA ကို ယ်တိုင်ဖန်တီးပေးလိုက်တာနဲ့တူပါတယ်။
အရင်တုန်းကဆိုရင် “ဗိုလ်ချုပ်ပြောရင် မှန်ပါတယ်။” ဆိုတဲ့ ခေတ်မျိုးရှိကောင်းရှိနိုင်ပေမယ့် ခုတော့ “ဒါ…ဘာကြောင့်လဲ။ ဒါ…ဘယ်လိုလဲ။” ဆိုတဲ့ မေးခွန်းတွေဟာ ပြည်သူလူထုကြားထဲမှာ ပျံ့နှံ့နေပါပြီ။
အဲဒါကို ULA/AA ကသာ “ဘာမှမမေးနဲ့” ဆိုတဲ့ ပုံစံမျိုးပြန်လုပ်လိုက်ရင် အဲဒီမေးခွန်းထုတ်တတ်တဲ့ ပြည်သူလူထုကပဲ ULA/AA အပေါ် ဖိအားဖြစ်စေမှာပါ။
အဲဒီလိုအနေအထားက ULA/AA အတွက် “ကံကောင်းတာလား၊ အခက်အခဲလား။” ဆိုရင် ULA/AA အတွက် “အင်မတန်မှခက်ခဲပေမယ့်အကျိုးရှိတဲ့အနေအထား”ပါပဲ။
ဘယ်လိုအခက်အခဲလည်းဆိုရင် ဘာပဲလုပ်လုပ်ဝေဖန်ထောက်ပြမှုတွေကိုအမြဲတမ်းတံခါးဖွင့်ထားရပါတော့မယ်။
အမှားလုပ်ရင် ချက်ချင်းအဝေဖန်ခံရပါတော့မယ်။ အေးအေးဆေးဆေး “အာဏာပြ”လို့ မရတော့ပါဘူး။
အကျိုးအမြတ်က အဲလိုဝေဖန်စောင့်ကြည့်မှုကြောင့်ပဲ ULA/AA အတွင်းမှာ “အကျင့်ပျက်ခြစားမှု(Corruption)”ကို လျှော့ချလာနိုင်ပါမယ်။” စွမ်းဆောင်ရည်(Efficiency)”ကို မြှင့်တင်နိုင်လာပါမယ်။
အမှားကင်းတဲ့၊အမှားနည်းတဲ့အစိုးရမဟုတ်ပေမယ့် အမှားကိုချက်ချင်းပြုပြင်နိုင်တဲ့အစိုးရအဖြစ်ပုံရိပ်ပေါ် လာမှာပါ။
အဲဒီလိုဝေဖန်ထောက်ပြအဖြေရှာမှုတွေဟာ ULA/AA အပေါ် ကျင့်ဝတ်သိက္ခာပိုင်းမှာ လူထုယုံကြည်မှုပိုရလာတဲ့ အကျိုးဆက်ထိသက်ရောက်ပါတယ်။
အာရက္ခဒေသမှာ ပြည်သူလူထုရဲ့ဝေဖန်ထောက်ပြမှုအခန်းကဏ္ဍဟာ “သတင်းပေး” သက်သက်ထက်လည်းပိုပါတယ်။
ခုလောလောဆယ် အာရက္ခဒေသရဲ့နိုင်ငံရေးအာဏာဟာ “လူတစုရဲ့လက်ထဲ” မှာပဲ လည်ပတ်နေသေးတာပါ။
ဒါပေမယ့် “ပြည်သူလူထုရဲ့ဝေဖန်စောင့်ကြည့်မှု” ရှိလာတာမို့ ULA/AA ဟာ ကျ န်တဲ့အဖွဲ့အစည်းတွေထက်အများကြီးပိုပြီး “ရှင်သန်နိုင်စွမ်း”(Resilience)ရှိလာမှာပါ။ ရှင်သန်နိုင်စွမ်းရှိမှုဟာတန်ဖိုးလည်းဖြစ်ပါတယ်။
အဲဒီတန်ဖိုးမြှင့်သွားပြီဆိုရင်နောက်ပြန်လှည့်ပြန်ကျဖို့ခက်ပါတယ်။
အဲဒါဟာ “ကံကောင်းမှု” ဆိုရင် အာရက္ခပြည်သူလူထုအတွက်သာမကဘဲ ULA/AA အတွက်လည်း တကယ့်ကိုရဲရင့်တဲ့ကံကောင်းခြင်းပါပဲ။
တကယ်လို့ ULA/AA ဟာ ပြည်သူလူထုရဲ့ဝေဖန်ထောက်ပြမှုတွေကိုအကောင်းဘက်က ပြန်လည်သုံးသပ်ပြီး ပြုပြင်စရာတွေကို အချိန်မီပြုပြင်နေမယ်ဆိုရင်မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းမှာလည်းစံနမူနာဖြစ်နေမှာပါ။
ဒါပေမယ့် ပြည်သူလူထုကို တန်ဖိုးမထားအပြစ်တင်ပုံချနေပြီး သတင်းမီဒီယာတွေကို ရန်သူလိုသဘောထားနေမယ်ဆိုရင်တော့ တော်လှန်ရေးနောက်ပြန်ဆုတ်ပြီး နိုင်ငံရေးဝေဝါးကာပြဿနာပေါင်းစုံဆက်ကြုံနေမှာပါပဲ။
အာရက္ခပြည်သူလူထုဟာ အာရက္ခတပ်တော်နဲ့ ထပ်တူတော်လှန်ရေးလောကဓံကို ရင်ဆိုင်ကြုံတွေ့ခံစားကျော်ဖြတ်လာနေကြတာဖြစ်သလို အာရက္ခသတင်းမီဒီယာတွေဟာလည်း အာရက္ခတပ်တော်စတင်တည်ထောက်လာချိန်မှ ခုထိစောင့်ကြည့်တည့်မတ်တာဝန်ကျေပေးလာခဲ့ကြတာပါ။
အာရက္ခတပ်တော်ဟာ အာရက္ခအမျိုးသားတော်လှန်ရေးအောင်ပွဲတွေရလာခဲ့သလို အာရက္ခပြည်သူလူထုရော့ အာရက္ခသတင်းမီဒီယာတွေလည်းတာဝန်ကျေနေကြဆဲဖြစ်ပါတယ်။
အာရက္ခတော်လှန်ရေးအဆုံးအဖြတ်အဆုံးသတ်ရေးနဲ့ အာရက္ခနိုင်ငံတော်တည်ဆောက်ရေးမှာ နိုင်ငံရေးအရအဆုံးအဖြတ်မူဝါဒစံတွေမှာသာ အာရက္ခခေါင်းဆောင်တွေရဲ့နိုင်ငံရေးခေါင်းဆောင်မှုတွေ ပွင့်လင်းမြင်သာတာဝန်မကျေလိုအပ်ချက်တွေရှိနေကြတာသာဖြစ်ပါတယ်။
အာရက္ခပြည်သူလူထုအပါအဝင် အာရက္ခသတင်းမီဒီယာတွေ ရက္ခိုင်အမျိုးသားအဖွဲ့/အာရက္ခတပ်တော်ရဲ့အားနည်းချက်တွေ၊ အမှားတွေကို စိတ်ရှည်သည်းခံပြီး အမျိုးသားရေးစံတန်းဖိုးတွေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုတန်ဖိုးထား မျှော်လင့်ယုံကြည်နေကြဆဲဖြစ်ပါတယ်။








