Border News Agency
ရုရှား၊ ဇန်နဝါရီ ၂၅။
အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ ရုရှား – ယူကရိန်း ဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဇန်နဝါရီလ ၂၄ ရက်က အဘူဒါဘီမှာပြီးဆုံးသွားပေမယ့် ဘာသဘောတူညီမှုမှမရခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အဲဒီဆွေးနွေးပွဲကို ယူကရိန်းနဲ့ရုရှားက ထိပ်သီးတာဝန်ရှိသူတွေအပြင် သမ္မတထရမ့်ရဲ့ အကြံပေး ဂျာရတ်ကုရှ်နာတို့ပါ တက်ရောက်ခဲ့ကြတာပါ။
အဲဒီဆွေးနွေးပွဲမှာ ညှိမရဖြစ်နေတဲ့အဓိကအချက်ကတော့ ရုရှားသမ္မတပူတင်က ယူကရိန်းပိုင်ဒွန်ဘတ်စ်ဒေသရဲ့ ကျန်နေတဲ့နယ်မြေ နှစ်ဆယ်ရာခိုင်နှုန်းကိုပါ ထပ်ပေးဖို့တောင်းဆိုနေတာကြောင့်ဖြစ်ပါတယ်။
အမေရိကန်က လုံခြုံရေးမူဘောင်တွေတင်ပြခဲ့ပေမယ့် နယ်မြေပေးဖို့ကိစ္စက အကြီးမားဆုံးအတားအဆီး ဖြစ်နေပါတယ်။
အဲဒီထဲမှာအဆိုးဆုံးကတော့ ဆွေးနွေးပွဲလုပ်နေတုန်းမှာပဲ ရုရှားကဒရုန်းနဲ့ ဗုံးသုံးရာ့ခုနှစ်ဆယ်ကျော်နဲ့ ယူကရိန်းကိုတညလုံး ဗုံးကြဲခဲ့တာပါ။
ဒီတိုက်ခိုက်မှုကြောင့် အပူချိန်အနှုတ်တဆယ်ဒီဂရီအထိအေးခဲနေတဲ့ ယူကရိန်းမှာ မြို့တော်ကိယက်ဗ်အပါအဝင် ပြည်သူတသန်းကျော် လျှပ်စစ်မီးနဲ့အပူပေးစနစ်တွေ ပြတ်တောက်သွားခဲ့ရပါတယ်။
“ရုရှားဟာ ဆွေးနွေးပွဲစားပွဲကို ဒုံးကျည်နဲ့ပစ်ခတ်လိုက်တာပဲ” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ သဘောတူညီချက်မရခဲ့ပေမယ့် နှစ်ဖက်စလုံးကဆက်လက်ဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲလို့ သိရပါတယ်။
အမေရိကန်ဘက်ကတော့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်မှာ တတိယအကြိမ်ဆွေးနွေးပွဲကို အဘူဒါဘီမှာပဲထပ်လုပ်ဖို့ စီစဉ်နေပါတယ်။
အဲဒီပွဲမှာတော့ သမ္မတပူတင်၊ ဇလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်တို့ ကိုယ်တိုင်ပါဝင်လာမယ့် သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။






