Border News Agency
တာချီလိတ်၊ ဧပြီ ၂၈။
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသူ ၅၂ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့စစ်ကော်မရှင်တပ်က ဧပြီလ ၂၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ပူးပေါင်းအဖွဲ့ဟာ ဝိန်းကျောက်ရပ်ကွက်ရှိ လိုမာဟိုတယ်အနီးကို ဝင်ရောက်စစ်ဆေးရာမှာ အွန်လိုင်းလောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံသား ၃ ဦးနဲ့ မြန်မာအမျိုးသမီး ၆ ဦးကို ကွန်ပျူတာ ၁၆ လုံး၊ ဖုန်း ၃၂၀ လုံးအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့အတူ ပထမအသုတ်အဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ရပ်ကွက်အတွင်းရှိ နေအိမ်တလုံးကို ထပ်မံဝင်ရောက်ရှာဖွေရာမှာ တရုတ်နိုင်ငံသား ၈ ဦးနဲ့ မြန်မာနိုင်ငံသား ၃၄ ဦး၊ စုစုပေါင်း ၄၂ ဦးကို ကွန်ပျူတာ ၂၃ လုံး၊ ဖုန်း ၅၂ လုံးတို့နဲ့အတူ ထပ်မံတွေ့ရှိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၁၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄၁ ဦး ပါဝင်ပြီး သူတို့ဟာ ဟိုတယ်နဲ့ နေအိမ်တွေကို အခြေပြုကာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို စုဖွဲ့လုပ်ကိုင်နေကြတာလို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပြီး ဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်က ပတ်သက်ဆက်နွှယ်နေသူတွေကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။












