Border News Agency
အမေရိကန်၊ မေ ၂၉။
အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့ ၂၅၀ ပြည့်မြောက် အထိမ်းအမှတ်အဖြစ် သမ္မတဒေါ်နယ်ထရမ့်ရဲ့ မျက်နှာပုံပါဝင်မယ့် ၂၅၀ တန်ဒေါ်လာငွေစက္ကူအသစ် ရိုက်နှိပ်ဖို့ပြင်ဆင်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးစကော့ဘီဆင့်က အတည်ပြုပြောကြားလိုက်ပါတယ်။
အဲဒီငွေစက္ကူကို လည်ပတ်သုံးစွဲငွေအဖြစ်ထုတ်ဝေမလားဆိုတာကိုတော့ လွှတ်တော်အမတ်တွေက ဆုံးဖြတ်သွားမှာပါ။
အမေရိကန်ဥပဒေအရ လက်ရှိသက်ရှိထင်ရှားရှိနေသူတဦးရဲ့ ပုံကိုငွေစက္ကူပေါ်မှာ ရိုက်နှိပ်ခွင့်မရှိပေမယ့် လက်ရှိနဲ့ သမ္မတဟောင်းတွေကို ကင်းလွတ်ခွင့်ပေးဖို့အတွက် ဥပဒေပြင်ဆင်ချက်တရပ်ကို ပြီးခဲ့တဲ့နှစ်ကတည်းက တင်ပြထားတာဖြစ်ပါတယ်။
အဲဒီဘဏ္ဍာရေးဝန်ကြီးဘီဆင့်ကတော့ ဥပဒေအပြောင်းအလဲကို ကြိုတင်မျှော်မှန်းပြီး ဒီဇိုင်းပိုင်းကိုပြင်ဆင်ထားတာဖြစ်ကြောင်း မေလ ၂၈ ရက် ကြာသပတေးနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ဝါရှင်တန်ပို့စ်သတင်းစာရဲ့ ဖော်ပြချက်အရ ထရမ့်ခန့်အပ်ထားတဲ့ ဘဏ္ဍာရေးမှူးဘရန်ဒန်ဘိချ်က အမေရိကန်လွတ်လပ်ရေး ၂၅၀ ပြည့် အထိမ်းအမှတ် ငွေစက္ကူထုတ်ဝေရေးလုပ်ငန်းစဉ်တွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ ငွေစက္ကူနဲ့တံဆိပ်ခေါင်းရိုက်နှိပ်ရေးဗျူရိုကို ဖိအားပေးနေတယ်လို့ သိရပါတယ်။
ဒီဇိုင်းနမူနာမှာ “America 250 anniversary” ဆိုတဲ့ စာသားပါဝင်ပြီး ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ဗြိတိသျှတို့ဆီကနေ လွတ်လပ်ရေးကြေညာခဲ့မှုကို ရည်ညွှန်းတာပါ။
၂၀၂၅ ခုနှစ်မှာ အိမ်ဖြူတော်ဆီ ထရမ့်ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း တရားရေးဝန်ကြီးဌာနအပါအဝင် အစိုးရအဆောက်အအုံတွေမှာ သူ့ရဲ့ ပုံတူပိုစတာတွေ ချိတ်ဆွဲတာ၊ ဂျွန်အက်ဖ်ကနေဒီ အထိမ်းအမှတ်အနုပညာစင်တာမှာ ထရမ့်ရဲ့အမည်ထည့်သွင်းတာတွေအပြင် ပြီးခဲ့တဲ့ မတ်လကလည်း ထရမ့်ပုံပါ ရွှေသပြားဒင်္ဂါးပြားသွန်းလုပ်ဖို့ အတည်ပြုခဲ့တာကြောင့် ဝေဖန်သူတွေက ဒါဟာ အာဏာရှင်တွေနဲ့ ဘုရင်စနစ်တွေရဲ့ လုပ်ရပ်မျိုးဖြစ်နေတယ်လို့ ပြစ်တင်ရှုတ်ချနေကြပါတယ်။










