Border News Agency
ကျောက်ဖြူ၊ဇွန် ၉။
ကျောက်ဖြူမြို့နယ်၊သံဇစ်မြစ်ထဲမှာ ဝက်တွေတင်ပြီးမောင်းလာတဲ့ ဘုတ်တစီးကို အာဏာသိမ်းစစ်တပ်က Speed Boat နဲ့ နောက်ကလိုက်ပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဘုတ်ပေါ်မှာပါတဲ့အရပ်သား၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။
အဲဒီ ရမ်းဗြဲဘက်ကနေ ဇွန်လ ၇ ရက်နေ့က ဝက်တွေတင်ပြီး ပြန်လာတဲ့အချိန် ကျောက်ဖြူမြို့နယ်၊အောင်လံချိန်ရွာအောက်နားအရောက်မှာ အာဏာသိမ်းစစ်တပ်ကရွယ်ရည်ချက်ရှိရှိ ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အမ်းမြို့နယ်က အသက် ၅၂ နှစ်အရွယ်ဦးမောင်ဟန်ရဲ့ ခြေသလုံးနှစ်ဖက်မှာကျည်ဖောက်ဝင်သွားသလို အသက် ၁၅ နှစ်အရွယ် မောင်ဘတ်ပေရဲ့ လက်မောင်းညှပ်ရိုးနားမှာလည်း ကျည်ထိမှန်ပြီး ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရသွားတာ ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်ထဲမှာ အာရက္ခတပ်တော် (AA) နဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်က မြို့နဲ့အနီးနားရှိ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ နေ့တိုင်းလိုလို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ပင်လယ်ပြင်မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပြည်သူတွေကိုပါ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားပြီးနေ့စဉ်ရက်ဆက် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သွားလာလှုပ်ရှားမှုတွေမှာ အထူးသတိထားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊လက်နက်ကြီးပစ်ခတ်တာတွေ၊ပိုလုပ်လာတာကြောင့်လည်း ပြည်သူတွေအနေနဲ့ လေကြောင်း၊လက်နက်ကြီး အန္တရာယ်ကို အထူးသတိထားကြဖို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။










