Border News Agency
ကျောက်တော်၊ ဇွန် ၂၅။
အာဏာသိမ်းစစ်တပ်ကစနစ်တကျ သတင်းမှောင်ချတာ၊ အင်တာနက်ဖြတ်တောက်တာတွေနဲ့ အယ်လ်ဂိုရီသမ်အပြောင်းအလဲတွေလုပ်ခဲ့တာကြောင့် ပြည်သူတွေ သတင်းမီဒီယာတွေဆီ ဝင်ရောက်ကြည့်ရှုနိုင်မှုဟာ ၄၈ ရာခိုင်နှုန်းအထိကျဆင်းသွားတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇွန်လ ၂၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
IPCM နဲ့ Human Rights in Myanmar-HRM တို့ ပူးပေါင်းပြီး မြန်မာဒီဂျစ်တယ်အာဏာသိမ်းမှုအတွင်း သတင်းပရိသတ်တွေကို ပိတ်ဆို့နှိပ်ကွပ်ခြင်းဆိုတဲ့တတိယပိုင်း အစီရင်ခံစာကိုထုတ်ပြန်ခဲ့တာပါ။
အဲဒီသုတေသနစာတမ်းဟာ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲကာလအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကို စနစ်တကျလေ့လာ စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကာလအတွင်း မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ ဖေ့စ်ဘွတ်ခ်ဒေတာအချက်အလက်ပေါင်း ၁၂ ဘီလီယံကျော်ကို ခွဲခြမ်းစိတ်ဖြာထားပြီး အာဏာသိမ်းစစ်တပ်ရဲ့ အင်တာနက်ပိတ်ဆို့မှု၊ ကန့်သတ်မှု၊ စောင့်ကြည့်ထောက်လှမ်းမှုတွေက မီဒီယာတွေနဲ့ သတင်းပရိသတ်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ဖော်ထုတ်တင်ပြထားပါတယ်။
အစီရင်ခံစာအရသတင်းစာပညာကို ရာဇဝတ်မှုလို သတ်မှတ်ထားတဲ့ကြားကပဲ မီဒီယာလုပ်ငန်းတွေရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က စုစုပေါင်းထုတ်လွှင့်တင်ပြမှုဟာ ၁၈ ရာခိုင်နှုန်းတိုးတက်လာပြီး ဒေသတွင်းမီဒီယာထုတ်လုပ်မှုမှာဆိုရင် ၁၀၈ ရာခိုင်နှုန်းအထိ ထင်ထင်ရှားရှားတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အာဏာသိမ်းစစ်တပ်ရဲ့ တရားမျှတမှုမရှိဘဲ ပွင့်လင်းမြင်သာမှုလည်းမရှိတဲ့ နှိပ်ကွပ်မှုတွေကြောင့် သတင်းပရိသတ်တွေ အခွင့်အရေးဆုံးရှုံးနေရတဲ့အတွက် အစီရင်ခံစာအပြည့်အစုံကို လင့်ခ်ကနေတဆင့်ဝင်ရောက်လေ့လာနိုင်တယ်လို့ IPCM က အသိပေးထားပါတယ်။










