Border News Agency
သထုံ၊ ဇွန် ၂၅။
ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်းမှာအာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ခတ်လို့ ဗိုက်ထဲကအမြွှာသမီးငယ် ၂ ဦးအပါအဝင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦးနဲ့အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဇွန်လ ၂၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီသထုံမြို့နယ်၊ ပဏ္ဍိကုန်းကျေးရွာထဲကို ဇွန်လ ၂၂ ရက်၊ ညနေပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၄၄ လက်အောက်ခြေမြန်တပ်မဌာနချုပ် ခမရ ၃ က ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီး ၂လုံး ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလက်နက်ကြီးကျည်ဟာ ကိုငယ်ရဲ့နေအိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး မီးလောင်ပျက်စီးခဲ့ကာ သူ့ရဲ့ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ဇင်မာစိုးမှာ ကျည်စထိမှန်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဒေါ်ဇင်မာစိုးဟာ ကိုယ်ဝန် ၇ လရှိနေသူဖြစ်ပြီး ဝမ်းဗိုက်ထဲက အမြွှာသမီးငယ် ၂ ဦးလည်း မိခင်နဲ့အတူသေဆုံးခဲ့ရတာပါ။
အဲဒီအပြင်ကိုမောင်လေးမှာ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရခဲ့ပြီး သူ့ရဲ့ အသက် ၁၁ နှစ်အရွယ်သမီးဖြစ်သူမိစနေမှာ ကျည်စထိမှန်သေဆုံးသွားခဲ့ကာ အသက် ၅ နှစ်အရွယ် သမီးငယ်မိယွန်းကတော့ ကျောပြင်မှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ရွာခံတွေပိုင်ဆိုင်တဲ့ နွား ၂ ကောင်လည်းကျည်စထိမှန်ပြီး ၁ ကောင်သေဆုံးကာ ၁ကောင်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲမရှိဘဲအရပ်သားကျေးရွာတွေကို ပစ်မှတ်ထားကာလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်သေဆုံး၊ ဒဏ်ရာရနေကြတယ်လို့ဆိုပါတယ်။













