Border News Agency
ဂျပန်၊ ဇူလိုင် ၃၀။
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကူမာမိုတိုဒေသမှာ ဇူလိုင်လ ၂၈ ရက်နေ့က အင်အား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးဆယ့်သုံးဦးအထိရှိလာပြီး ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်လုရှာဖွေနေပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာပျက်စီးသွားတဲ့ ကုန်တိုက်တွေနဲ့ ပြိုကျနေတဲ့နေအိမ်တွေအတွင်း ပိတ်မိနေသူတွေကို ရှာဖွေနေကြပြီး ကျည်ဆန်ရထားနဲ့ လေဆိပ်အချို့ကိုလည်း ယာယီရပ်နားထားရတာပါ။
ငလျင်ကြောင့် နေအိမ်သုံးသောင်းခြောက်ထောင်ခန့် လျှပ်စစ်မီးပြတ်တောက်နေသလို လူပေါင်းကိုးထောင်ကျော်လည်း ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
အပူချိန်မြင့်တက်နေတာကြောင့် စခန်းတွေမှာ လေအေးပေးစနစ်သုံးနိုင်အောင် မီးစက်တွေ ထပ်မံတပ်ဆင်ပေးနေတာပါ။
အဲဒီအပြင် ကာရှီမမြို့ရှိ Aeon Mall ကုန်တိုက်မှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒုတိယထပ်ပြိုကျခဲ့တာကြောင့် လူတွေ ပိတ်မိနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေရပါတယ်။
ဂျပန်ဝန်ကြီးချုပ်တာကာအိချိက ငလျင်ကယ်ဆယ်ရေးအတွက် ဝန်ထမ်းအင်အားလေးထောင်ခြောက်ရာကို ဖြန့်ကျက်ထားပြီး အတတ်နိုင်ဆုံး အမြန်ဆုံးရှာဖွေကယ်ဆယ်သွားမယ်လို့ ပြောကြားထားပါတယ်။








