Border News Agency
ထိုင်း၊ ဇူလိုင် ၃၀။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဖာလောင်နယ်စပ်အနီးမှာ ဇူလိုင်လ ၂၉ ရက်နေ့က မူးယစ်မှောင်ခိုသံသယရှိသူတွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူသုံးဦးသေဆုံးကာ စိတ်ကြွဆေးပြားသုံးသိန်းကိုးသောင်းကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဖာမူအန်းအထူးတပ်ဖွဲ့ဟာ သဘာဝနယ်စပ်လမ်းအတိုင်း ကျောပိုးအိတ်တွေလွယ်လာတဲ့ သံသယရှိသူငါးဦးထက်မနည်းပါအုပ်စုကို စစ်ဆေးဖို့ တားဆီးရာမှ ပစ်ခတ်မှုစတင်ခဲ့တာပါ။
သံသယရှိသူတွေဘက်က စတင်ပစ်ခတ်ခဲ့တာကြောင့် ငါးမိနစ်ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မူးယစ်အဖွဲ့ထွက်ပြေးဆုတ်ခွာသွားခဲ့ပါတယ်။
နောက်တနေ့နယ်မြေရှင်းလင်းရာ သေဆုံးနေသူသုံးဦးနဲ့အတူ စိတ်ကြွဆေးပြားသုံးသိန်းကိုးသောင်းပါဝင်တဲ့ ကျောပိုးအိတ်သုံးအိတ်နဲ့ လက်နက်အချို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။












