Border News Agency
ကျောက်တော်၊ ဇူလိုင် ၃၁။
အာရက္ခပြည်အတွင်းသွေးလွန်တုတ်ကွေးရောဂါကြောင့် သေဆုံးသူသုံးဦးအထိရှိလာတာမို့ ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က ဇူလိုင်လ ၃၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။
ဒီနှစ်ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်မှစလို့ အာရက္ခဒေသအတွင်းသွေးလွန်တုတ်ကွေးရောဂါ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆေးရုံတက်ရောက် ကုသရသူတရာ့ငါးဆယ့်ငါးဦးရှိခဲ့ပါတယ်။
အဲဒီလူနာတွေထဲက ရမ်းဗြဲမြို့နယ်မှ တနှစ်နဲ့ငါးလအရွယ်ကလေးတဦးအပါအဝင် မြောက်ဦးမြို့နယ်မှ နှစ်ဆယ့်ခုနစ်နှစ်နဲ့သုံးဆယ့်ခြောက်နှစ်အရွယ် လူနာနှစ်ဦး စုစုပေါင်းသုံးဦးသေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်အတွင်းကလည်း အာရက္ခတပြည်လုံးမှာဖြစ်ပွားသူ နှစ်ရာ့လေးဆယ့်ငါးဦးရှိခဲ့ပြီး ရှစ်ဦးသေဆုံးခဲ့ဖူးပါတယ်။
မိုးဦးနဲ့မိုးနှောင်းကာလတွေမှာ ခြင်ကျားမှတဆင့်ကူးစက်တတ်တဲ့ သွေးလွန်တုတ်ကွေးရောဂါဟာ ဩဂုတ်နဲ့စက်တင်ဘာလတွေမှာ ပိုမိုဖြစ်ပွားနိုင်တာကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေလုပ်နေတယ်လို့ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း သွေးလွန်တုတ်ကွေးရောဂါလက္ခဏာတွေခံစားရရင် နီးစပ်ရာကျန်းမာရေးဝန်ထမ်းတွေနဲ့အမြန်ဆုံး ပြသကုသကြဖို့၊ ကပ်ရောဂါအသွင် ကူးစက်မှုတွေရှိရင်လည်း အာရက္ခကျန်းမာရေးဌာနဗဟိုရဲ့ တယ်လီဂရမ်အကောင့်(@AHDCentralOffice)သို့ သတင်းပေးပို့နိုင်တယ်လို့ အသိပေးထားပါတယ်။









