Border News Agency
စစ်တွေ၊ စက်တင်ဘာ ၁၀။
အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ရဲ့ အဓိကစီးပွားရေး စီမံကိန်းကြီးတွေတည်ရှိရာ နယ်မြေအများစုကို အာရက္ခတပ်တော်(AA)ကထိန်းချုပ်စိုးမိုးထားတာကြောင့် အဲဒီစီမံကိန်းတွေရဲ့ အနာဂတ်ဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပေါ်မှာ အဓိကမူတည်နေတယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေကဆိုပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပလက်ဝဒေသနဲ့ အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမ ခြောက်ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး စစ်ရေးအရရော အုပ်ချုပ်ရေးအရပါအခိုင်အမာ ခြေကုပ်ယူထားတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ကုလားတန်မြစ်ကြောင်း ကုန်သွယ်ရေးစီမံကိန်းလမ်းကြောင်းတခုလုံးတည်ရှိရာ ပလက်ဝနဲ့ အာရက္ခဒေသအစိတ်အပိုင်းတွေကို အာရက္ခတပ်တော်က အပြည့်အဝထိန်းချုပ်ထားတာပါ။
အဲဒီအပြင်တရုတ်နိုင်ငံရဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတည်ရှိရာနယ်မြေအများစုကိုလည်း အာရက္ခတပ်တော်က နယ်မြေစိုးမိုးဝန်းရံထားသလို ကကျဲချောင်းစီးပွားရေးဇုန်တည်ရှိရာနယ်မြေကိုလည်း သီးသန့်ထိန်းချုပ်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့မှလွဲပြီး အာရက္ခဒေသရှိ မြို့နယ်တဆယ့်လေးခုကို စစ်အုပ်ချုပ်ရေး ကြေညာထားရပြီး ဒေသတွင်းနိုင်ငံတကာစီမံကိန်းကြီးတွေမှာ အာရက္ခတပ်တော်ရဲ့ အခန်းကဏ္ဍက ပိုမိုအရေးပါလာနေတာဖြစ်ပါတယ်။










