Border News Agency
ထိုင်း၊စက်တင်ဘာ ၁၀။
ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်မှာရှိတဲ့ ဝတ်ဖူထိုင်းဆာဝမ်ဘုန်းကြီးကျောင်းမှ သက်တော်ခြောက်ဆယ့်ခြောက်နှစ်အရွယ်ကျောင်းထိုင်ဆရာတော်ဟာ ကျောင်းရန်ပုံငွေဘတ်ကိုးဆယ်နှစ်သန်းကျော်အလွဲသုံးစားလုပ်မှုနဲ့ စက်တင်ဘာလ ၁၀ ရက်၊ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။
ထိုင်းနိုင်ငံ ဗဟိုစုံစမ်းရေးဗျူရို (CIB) ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ အဲဒီကျောင်းထိုင်ဆရာတော်ဟာ ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကာလအတွင်း ဘုန်းကြီးကျောင်းအမည်ကို အသုံးပြုပြီးအလှူငွေပြေစာအစောင်နှစ်ဆယ်ကို အလွဲသုံးစားလုပ်ကာ ဘတ်ကိုးဆယ်နှစ်သန်းကျော်ကို ယူဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီရန်ပုံငွေတွေကို မိန်းကလေးဖြစ်သူရဲ့ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အမျိုးသမီးကလည်း အခြားသူတွေရဲ့ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုပြောင်းလဲဖုံးကွယ်ဖို့ ကူညီပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့ကသူ့ကိုပါဖမ်းဆီးစစ်ဆေးနေပါတယ်။
ဘုန်းကြီးကျောင်းအတွင်းရှိ CCTV မှတ်တမ်းတွေအရ ကျောင်းထိုင်ဆရာတော်နဲ့ အမျိုးသမီးတို့အကြား လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေရှိခဲ့တာကိုပါတွေ့ရှိခဲ့ရပြီး အမျိုးသမီးရဲ့ဘဏ်အကောင့်ထဲမှာလည်း သန်းပေါင်းသောင်းနဲ့ချီတဲ့ငွေအဝင်အထွက်တွေရှိနေတာကြောင့် အာဏာပိုင်တွေက ငွေကြေးစီးဆင်းမှုလမ်းကြောင်းတွေကို ဆက်လက်စုံစမ်းနေပါတယ်။
ဖမ်းဆီးခံရတဲ့ကျောင်းထိုင်ဆရာတော်ဟာ ထိုင်းပြည်သူတွေအကြားနာမည်ကြီးတဲ့ “ဂျတုခမ်”အဆောင်လက်ဖွဲ့တွေကြောင့် လူသိများထင်ရှားသူတဦးဖြစ်ပါတယ်။
















