Border News Agency
နီဂရီဆမ်ဘီလန်၊ စက်တင်ဘာ ၉ ။
မလေးရှားနိုင်ငံ၊ နီဂရီဆမ်ဘီလန်ပြည်နယ်ရှိ Nilai စက်မှုဇုန်မှာ စက်တင်ဘာလ ၉ ရက်နေ့က Ops Mahir စစ်ဆင်ရေးနဲ့ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား ၂၉ ဦး အပါအဝင် တရားမဝင်နိုင်ငံခြားသား ၇၇ ဦးဖမ်းဆီးရမိခဲ့ပါတယ်။
နီဂရီဆမ်ဘီလန်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (JIMNS) မှ အရာရှိ ၂၁ ဦးပါဝင်တဲ့ စစ်ဆင်ရေးကို Nilai စက်မှုဇုန်ရှိ အဆောက်အအုံနှစ်ခုမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၀ ဦး၊ မိန်းကလေးငယ် ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်အမျိုးသား ၃၉ ဦးအိန္ဒိယအမျိုးသား ၆ ဦး၊ နီပေါအမျိုးသား ၂ ဦး၊ အင်ဒိုနီးရှားအမျိုးသမီး ၁ ဦးပါဝင်ပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း တရားမဝင်နိုင်ငံခြားသား (PATI) စုစုပေါင်း ၃၂၆ ဦးကိုစစ်ဆေးခဲ့ပြီး အဲဒီအထဲမှ ၇၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ ၇၇ ဦးမှာ အသက် ၁၇ နှစ်မှ ၅၀ နှစ်အတွင်းရှိကြသူတွေဖြစ်ပြီး သူတို့ကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ၁၉၆၃ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းအရ ပြစ်မှုအမျိုးမျိုးနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို စုံစမ်းစစ်ဆေးမှုတွေနဲ့ နောက်ဆက်တွဲအရေးယူမှုတွေဆက်လက်လုပ်ဆောင်ဖို့အတွက် Lenggeng လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (Depot) သို့ ပို့ဆောင်ထားပါတယ်။



















