Border News Agency
မြောက်ဦး၊စက်တင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊လေးမြို့ချောင်းဒေသ၊အင်းရှည်ကျေးရွာမှာ စက်တင် ဘာလ ၂ ရက်နေ့က အသက်တဆယ့်ရှစ်နှစ်မပြည့်သေးဘဲစစ်မှုထမ်းခေါ်ယူခံလိုက်ရတဲ့ သက္ကမလူမျိုးလူငယ်တွေကို မိဘတွေဆီပြန်အပ်နှံပေးဖို့ မိသားစုဝင်တွေကတောင်းဆိုနေကြပါတယ်။
အဲဒီအင်းရှည်ကျေးရွာက အသက်တဆယ့်ရှစ်နှစ်မပြည့်သေးတဲ့လူငယ်ကိုးဦးအပါအဝင် စုစုပေါင်းသုံးဆယ့်ခြောက်ဦးကို စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာဖြစ်ပြီး အဲဒီအထဲမှာကျန်းမာရေးမကောင်းသူတွေနဲ့ စစ်မှုထမ်းအကျုံးမဝင်သူတွေပါဝင်နေတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
”ကျနော့်သားကဆယ့်ခြောက်နှစ်ဘဲ ရှိသေးတာပါ။ စစ်မှုထမ်းမှာကဆယ့်ရှစ်နှစ် မပြည့်ရင်မယူကြပါဘူး။ ဒါကြောင့် စစ်မှုထမ်းမှာအကျုံးဝင်သူတွေကိုခေါ်ထားပြီး အကျုံးမဝင်သူတွေကို ကျနော်တို့မိဘတွေဆီပြန်အပ်စေချင်ပါတယ်။”လို့ သားဖြစ်သူစစ်မှုထမ်းဖို့ပါသွားတဲ့ အင်းရှည်ရွာမှမိဘတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအင်းရှည်ကျေးရွာမှ အသက်တဆယ့်ငါးနှစ်အရွယ်ထွန်းအေးနိုင်၊အသက်တဆယ့်ငါးနှစ်အရွယ်ဇော်နိုင်၊အသက်တဆယ့်ခြောက်နှစ်အရွယ်ဦးဌေးနိုင်၊အသက်တဆယ့်ခြောက်နှစ်အရွယ် လှမောင်ကျော်၊အသက်တဆယ့်ခုနှစ်နှစ်အရွယ်အေးအေးဆွယ်၊အသက်တဆယ့်ခုနှစ်နှစ်အရွယ်နုအေးကျိ၊ အသက်တဆယ့်ခုနှစ်နှစ်အရွယ် ဖြူမဦး၊ အသက်တဆယ့်ခုနှစ်နှစ်အရွယ်မောင်လှနဲ့ အသက်တဆယ့်ခုနှစ်နှစ်အရွယ်ဝင်းဦးကို အာရက္ခတပ်တော်က စစ်မှုထမ်းခေါ်သွားတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်(National Defense Emergency Provision (NDEP)ကို အကောင်အထည်ဖော်နေပါတယ်။
အဲဒီပြဋ္ဌာန်းချက်အရ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးမှာ အသက် ၁၈ နှစ်မှ ၄၅ နှစ်ထိ အမျိုးသားတွေ၊အသက် ၁၈ နှစ်မှ ၂၅ နှစ်ထိ အမျိုးသမီးတွေကိုမဲစနစ်နဲ့ စစ်မှုထမ်းခေါ်ယူနေတာပါ။
အဲဒါကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ နိုင်ငံရေးမှူးတွေ၊နယ်မြေမှူးတွေ၊တိုက်နယ်မှူးတွေ၊ရပ်ရွာအုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး စစ်မှုထမ်းရမယ့်သူတွေကိုမဲနှိုက်ခေါ်ယူနေပါတယ်။
အဲဒီအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ကို ပြီးခဲ့တဲ့၂၀၂၅ခုနှစ်၊မတ်လ ၁၈ ရက်နေ့ကပြဋ္ဌာန်းခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မေလ ၂၂ ရက်နေ့ကအာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။
အဲဒီလိုအသက်အရွယ်အတိအကျပြဋ္ဌာန်းထားပေမယ့် တကယ့်မြေပြင်မှာတော့ ကျောင်းသူ၊ကျောင်းသားတွေ၊အသက် ၁၈ နှစ်မပြည့်သေးတဲ့ ဌာနေတိုင်းရင်းသားလူနည်းစုတွေကိုလည်း စစ်မှုထမ်းခေါ်နေတာဟာ လူမျိုးပျောက်ကွယ်သွားအောင်လုပ်နေသလိုဖြစ်နေပြီး ဌာနေတိုင်းရင်းသားလူနည်းစုတွေဟာအာရက္ခတပ်တော်ကို ယုံကြည်လက်ခံမှုကျဆင်းလာစေတယ်လို့ မိသားစုဝင်တွေက ဆိုကြပါတယ်။
အဲဒါကြောင့် ဌာနေတိုင်းရင်းသား၊လူနည်းစု၊သက္ကမလူမျိုးအသက်မပြည့်သေးဘဲပါဝင်သွားတဲ့ လူငယ်တွေရဲ့မိသားစုဝင်တွေဟာ လုံခြုံရေးနဲ့ကျန်း
မာရေးအတွက် အလွန်စိုးရိမ်နေကြတယ်လို့ ရွာသားတွေကဆိုကြပါတယ်။
”ကျန်ခဲ့တဲ့အထဲကညီမတယောက်ပါသွားတယ်။ အသက်ကတဆယ့်ခြောက်နှစ်ကျော်ဘဲရှိသေးတာ။ အမေဆိုရင်အဲဒီစိတ်နဲ့အိပ်မပျော်၊စားမဝင်ဖြစ်နေပါတယ်။သူ့အတွက် အစစအရာရာစိတ်ပူနေကြရပါတယ်။”လို့ အင်းရှည်ရွာသားနောက်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအပြင် ဘူးသီးတောင်မြို့နယ်က လူနည်းစုခမီလူမျိုးတွေကို စစ်မှုထမ်းခေါ်ဆောင်တာတွေမှာလည်း အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေပါဝင်နေတယ်လို့ ဘူးသီးတောင်ဒေသခံခမီလူမျိုးတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအတွင်း သက္ကမ၊ မြို၊ ဒိုင်းနက်၊ ခမီနဲ့ ချင်းစတဲ့ ဌာနေတိုင်းရင်းသားလူနည်းစု ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အသက်ဆယ့်ရှစ်နှစ်မပြည့်သေးသူတွေပါဝင်နေတာကြောင့် ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပေမယ့် အများစုပြန်လွတ်မလာတာမို့ ပြည်သူတွေ ဝေဖန်ပြောဆိုမှုတွေမြှင့်တက်နေပါတယ်။
အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အင်းရှည်ကျေးရွာက အသက်မပြည့်သေးတဲ့လူငယ်ကိုးဦးအပါအဝင် အကျုံးမဝင်သူတွေကို မိဘတွေဆီ ပြန်အပ်နှံပေးဖို့မိသားစုတွေကတောင်းဆိုနေကြပါတယ်။
အဲဒါကြောင့် ဌာနေတိုင်းရင်းသားလူနည်းစုတွေကို ဥပဒေအရထိထိရောက်ရောက်အကာအကွယ်ပေးရမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စောင့်ကြည့်အကာအကွယ်ပေးသင့်သလို သက်ဆိုင်သူတွေ၊သက်ဆိုင်ရာအဖွဲ့တွေကိုဖိအားပေးပိတ်ဆို့တာတွေပြုလုပ်သင့်တယ်လို့ ဌာနေတိုင်းရင်းသားလူနည်းစုအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။
အဲဒီအပြင် မြေပြင်မှာတကယ်လုပ်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့က လူငယ်ဝန်ထမ်းတွေလည်း စစ်မှုထမ်းခေါ်ယူခံနေကြရတာတွေရှိနေပြီး စစ်မှု ထမ်းဖို့မဲစနစ်နဲ့ခေါ်ယူနေတာတွေမှာလည်း ဘက်လိုက်တာတွေ၊မမျှတတာတွေရှိနေသလို သတ်မှတ်ပြဋ္ဌာန်းချက်အတိုင်းမဟုတ်ဘဲ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်စစ်မှုထမ်းခိုင်းနေသလိုဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေဝေဖန်ထောက်ပြနေကြပါတယ်။
”တရွာလုံးကို အစည်းအဝေးခေါ်တယ်။ ပြီးရင် တအိမ်တယောက်မဖြစ်မနေပေးရမယ်လို့ ပြောတယ်။အသက်တဆယ့်ရှစ်နှစ်မပြည့်တဲ့လူတွေလည်းပါသွားတယ်။” လို့အင်းရှည်ကျေးရွာသူအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအပြင် မဲစနစ်နဲ့ခေါ်ယူကြရာမှာ တအိမ်တည်းကအသက်ပြည့်သူအားလုံးစစ်မှုထမ်းနေကြရသူတွေရှိနေကြသလို မိသားစုအိမ်ထောင်ဦးစီးသွားရောက်စစ်မှုထမ်းနေရတာမို့ မိသားစုစားဝတ်နေရေး၊လုံခြုံရေးအဆင်မပြေသူတွေလည်းရှိနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့်အာရက္ခစစ်မှုထမ်းခေါ်ယူမှုကို အာရက္ခပြည်သူတွေဆန့်ကျင်ကန့်ကွက်လာကြသလို ထွက်ပြေးတိမ်းရှောင်သူတွေလည်းများလာတာမို့ အာရက္ခ
ပြည်သူ့တော်လှန်ရေးအစိုးရက အတင်းအဓမ္မဖမ်းဆီးခေါ်ယူစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေပြင်ပသို့ ထွက်ခွာသွားလာတာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားဆီးကန့်သတ်ထားသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တာဝန်ရှိသူတွေထောက်ခံချက်တွေနဲ့သွားလာနေကြသူတွေကိုလည်း ဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာမို့ အာရက္ခပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။
အဲဒီလိုအသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေကို အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်နေတာတွေဟာ စစ်မြေပြင်မှာအကျအဆုံးများနေသလို လေကြောင်းတိုက်ခိုက်ခံရမှုတွေဟာ သေဆုံးဒဏ်ရာသူတွေများနေတာမို့ စစ်သည်အင်အားလိုအပ်ချက်ကို အရေးပေါ်ဖြည့်ဆည်းဖို့ချိုးဖောက်မှုတွေလုပ်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဝေဖန်ထောက်ပြကြပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်ဟာ အသက်တဆယ့်ငါးနှစ်အောက်ကလေးစစ်သားတွေအသုံးပြုနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေထုတ်ပြန်သတိပေးထားပါတယ်။
အဲဒီနောက်အသက်တဆယ့်ရှစ်နှစ်မပြည့်သေးဘဲ စစ်မှုထမ်းဖို့လာသူတချို့ကို မိဘ၊မိသားစုတွေဆီပြန်အပ်တာတွေကိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က မကြာခဏထုတ်ပြန်ဝါဒဖြန့်လာပေမယ့် တကယ့်မြေပြင်မှာတော့ အသက်တဆယ့်ရှစ်နှစ်မပြည့်သေးသူတွေကိုလည်း အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆေးတုန်းပဲလို့ အာရက္ခပြည်သူတွေ ထောက်ပြပြောဆိုကြပါတယ်။
အဲဒီအသက်တဆယ့်ရှစ်နှစ်အောက်ကလေးသူငယ်တွေကို အာရက္ခတပ်တော်က အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူကလေးစစ်သားအသုံးပြုနေတဲ့သက်သေ
အထောက်အထားတချို့ကို Border News Agency က လက်ခံရရှိထားပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကိုသိမ်း ပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး ကျောက်ဖြူနဲ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။










