Border News Agency
ဘူးသီးတောင်၊ စက်တင်ဘာ ၁၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်တန်းအနီးမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ လှုပ်ရှားသွားလာနေကြတယ်လို့ ဒေသခံတွေကအတည်ပြုပြောကြပါတယ်။
အဲဒီဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်ခြေက ဝရကျွန်း၊ဒိုးတန်းစတဲ့ကျေးရွာမှာ စက်တင်ဘာလ ၉ ရက်နေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဝင်ရောက်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒါကြောင့် ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခတွေဖြစ်လာမှာကို ပြည်သူတွေစိုးရိမ်နေကြပြီး အာရက္ခတပ်တော်ကတော့ အကြမ်းဖက်နှိမ်နင်းရေးတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
“ပထမတော့ အာဆာအဖွဲ့ ဆယ်ဂဏန်းလောက်ဝင်တယ်လို့ သတင်းထွက်ပါတယ်။ နောက်တော့ အင်အားအများရာနဲ့ချီပြီး ဒိုးတန်းဘက်ကိုဝင်နေတယ်လို့ ကြားပါတယ်။ အခုအေအေကလည်း အဲဒီဘက်ကို ရှင်းလင်းရေဝင်နေကြပါတယ်။”လို့ ဘူးသီးတောင်မြို့နယ်မှ အမျိုးသားတဦးက Border News Agencyကို ပြောပါတယ်။
အဲဒီဒိုးတန်းကျေးရွာဟာ ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ကားလမ်းမကြီးပေါ်ရှိ မွတ်ဆလင်ကျေးရွာဖြစ်ပြီး အိမ်ခြေငါးရာဝန်းကျင်ရှိပါတယ်။
အဲဒီလမ်းကို အာရက္ခတပ်တော်က လုံခြုံရေးယူထားပေမယ့် ဒေသခံတွေကအသုံးပြုသွားလာဖို့စိုးရိမ်နေကြပြီး ရေ လမ်းကြောင်းကိုသာ အဓိကအသုံးပြုသွားလာနေကြပါတယ်။
အဲဒီမယူတောင်တန်းအနီးမှာ အကြမ်းဖက်နှိမ်နင်းရှင်းလင်းရေးလုပ်ချိန်မှာ အကြမ်းဖက်သမားတွေရဲ့လက်နက်ခဲယမ်းတချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့တယ်လို့ဆိုကြပေမယ့် အာရက္ခတပ်တော်က တရားဝင်မထုတ်ပြန်သေးပါဘူး။
အဲဒီမယူတောင်တန်းကိုအခြေပြုပြီး အကြမ်းဖက်သမားတွေ လှုပ်ရှားမှုပိုများလာနေကြသလို အကြမ်းဖက်သမားတွေ အင်အားပိုများလာနေတာမို့အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြင်းထန်းလာမှာကို ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။
“ကျမတို့ကြားရတာက ဒိုးတန်းရွာသားတွေက ရွာထဲမှာဝင်နေတာရှိရင် ရှာပေးမယ်ဆိုပြီး ပြောတယ်လို့ကြားပါတယ်။ ပြီးတော့ လက်နက်တချို့လည်း သိမ်းလို့ရတာရှိတယ်လို့ ကျမတို့ကြားသိရပါတယ်။ခုလည်းအဲဒီဘက်မှာ နယ်မြေရှ င်းလင်းရေးလုပ်နေတာရှိပါတယ်။”လို့ဘူးသီးတောင်မြို့နယ်မှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမောင်တောခရိုင်၊မယူတောင်တန်းအနောက်ဘက်မှာ ပြီးခဲ့တဲ့သြဂုတ်လနောက်ဆုံးအပတ်ကလည်း ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလှုပ်ရှားသွားလာနေကြတာကို ဒေသခံတွေတွေ့မြင်ကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ကို အခြေပြုလှုပ်ရှားနေကြပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို နည်းလမ်းမျိုးစုံနဲ့စိမ့်ဝင်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီမောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်သုံးမြို့နယ်ရှိ မယူတောင်တန်းကြီးတလျှောက်မှာ စိမ့်ဝင်လှုပ်ရှားအင်အားဖြည့်နေကြပြီး အချိန်တည်း၊တပြိုင်တည်း၊နေရာပေါင်းစုံကို အင်အားထောင်ချီအသုံးပြု အကြမ်းဖက်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်လို့ မွတ်ဆလင်အသိုင်းအသိုင်းက ဆိုကြပါတယ်။







