Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၁၂။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဆီ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖူအန်ကက်ကဲအိုဦးဆောင်ကိုယ်စားလှယ်အဖွဲ့ဟာနိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ရေးအပြင် အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ပူးပေါင်းတားဆီးနှိမ်နင်းရေးတို့ကို ဆွေးနွေးခဲ့ကြတာပါ။
အဲဒီအပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ကုန်သွယ်မှုတိုးမြှင့်ရေး၊ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနဲ့ နယ်စပ်ဖြတ်ကျော်မြစ်ချောင်းတွေမှာ ရေကြီးရေလျှံမှုနဲ့ ရေထုညစ်ညမ်းမှုတွေထိန်းချုပ်ရေးတို့ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထိုင်းနိုင်ငံက ကူညီပံ့ပိုးရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့လုံခြုံရေးနဲ့ အလုပ်သမားအခွင့်အရေးတွေအပြည့်အဝရရှိစေဖို့နှစ်နိုင်ငံဥပဒေတွေနဲ့အညီ အကာအကွယ်ပေးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်သွားဖို့ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။







